Saturday, November 3, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၂)

ထိုနေ့က ဂျူဂျူလေးက မျက်နှာမကောင်းတော့ သူ့အဖေလဲဘောလုံးများ အောက်လိမ့်သွားမည်လားဟု နိမ့်ဆင်းနေသည့် လမ်း အောက်ဖက်အဆုံးအထိ လျှောက်ကာ ဘောလုံးပျောက်ကိုရှာသည်။ ဂျူဂျူနှင့်အမေလုပ်သူကလည်း အိမ်ထဲတောင် မ၀င်နိုင်ကြသေး။ အဖေကြီးနောက်မှ လိုက်ချသွားကာ လမ်းအဆုံးလေးအထိ လျှောက်ကြည့်ကြသည်။ လမ်းလေးက ၂၀ ဒီဂရီလောက်ရှိသည့် နိမ့်လျှောလေးဆိုတော့ ဘောလုံးက လမ်းအတိုင်း တည့်တည့်သွားပါက လိမ့်ဆင်းသွားသည်လဲ ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လမ်းအဆုံးရောက်သည်အထိ ဘောလုံးကတော့ အရိပ်အရောင်မျှပင် မမြင်ရပါ။ 


ဖြစ်ချင်တော့ လမ်းအဆုံးတွင် နောက်ထပ် လမ်းတစ်လမ်းက ကန့်လန့်ခံနေသည်။ ထိုလမ်းကလဲ ဘယ်ဖက်သို့ နိမ့်ဆင်းနေသည့် ကုန်းဆင်းလမ်းပင်ဖြစ်နေရာ ထိုလမ်းအတိုင်းပဲ ဆက်ဆင်းသွားသည်လား။ သို့မဟုတ် အရှိန်များ၍ လမ်းကိုကန့်လန့်ဖြတ်ကာ လမ်းတစ်ဖက်က အိမ်ထဲပဲ ၀င်သွားပြီလား။ ဘေးက သစ်ပင်တွေ ချုံပုတ်တွေထဲလဲ ကြည့်ကြသည်။ နောက်ဆုံးရှာမတွေ့တော့ အားလုံးအိမ်ပြန်ကာ အ၀တ်အစားလဲကြသည်။ ခဏနေတော့ အ၀တ်လဲလို့ပင် မပြီးသေး။ ဂျူဂျူတို့အဖေကြီး စိတ်မြန်လက်မြန်ရှိလှနှင့် ဓာတ်မီးတစ်လုံးယူကာ အပြင်ထွက်သွားသံ၊ တံခါးပိတ်သံများကြားနေရသည်။ ဂျူဂျူလဲ နောက်ကလိုက်သွားရာ သူ့အမေကြီးလဲ ကမန်းကတန်း အ၀တ်လဲကာ လိုက်ချသွားသည်။

ဂျူဂျူတို့ အဖေသည် နောက်လမ်းဆုံးသည်အထိ ကုန်းဆင်းလမ်းတွေအတိုင်း တောက်လျှောက်လိုက်ကြည့်နေသည်။ ဂျူဂျူတို့ အမေကတော့ အမှန်ပင် စိတ်လျှော့ထားပါသည်။ ဘောလုံးကတော့ ချုံပုတ်တွေထဲ ၀င်ရင်ဝင်၊ မ၀င်ရင် အိမ်တစ်အိမ်ထဲရောက်သွားတာဖြစ်မည်။ ဒီဘောလုံးဘယ်လိုများ ပြန်တွေ့နိုင်ပါ့တော့မလဲဟု စိတ်ပျက်လက်ပျက်နှင့် စဉ်းစားနေသည်။  

ထိုစဉ်ပင် ဟိုးရှေ့မှာရောက်နေသည့် ဂျူဂျူတို့အဖေသည် ကားတစ်စီးရှေ့တွင် ရုတ်တရက် တစ်ခုခုကို ကုန်းကောက်လိုက်ရာ "အဖေ တွေ့ပြီလား .... တွေ့ပြီလား ..."  ဟု အလောတကြီး အမေး ဂျူဂျူတို့အဖေလဲ ခေါင်းငြိမ့်ပြရင်း လက်ထဲတွင်လည်း ပင့်ခ်ကာလာ ဘောလုံးလေး ပုပ်ကာ  ပုပ်ကာဖြင့် ပါလာပါတော့သည်။ အမေကြီးမှာ သူ့မျက်လုံးကိုပင် မယုံနိုင်ပါ။ တကယ်ပြန်တွေ့တော့ အံ့သြနေသည်။ ဂျူဂျူလေး၏ ၀မ်းသာအဲလဲ ၀င်းလက်သွားသော မျက်နှာမှာ အမှောင်ထဲမှာ လင်းသွားသလားပင် အထင်ရောက်စေပါသည်။ ဘောလုံးလေးပြန်တွေ့၍ အမေလဲပျော်၊ အဖေလဲပျော်၊ သမီးလဲပျော်ကာ အိမ်ပြန်လာကြပါသည်။

အဖေကြီး၏ပြောပြချက်အရ ဘောလုံးသည် လမ်းဘေးရပ်ထားသော ကားတစ်စီးကိုထိကာ ရပ်သွားပုံရသည်ဆိုပါသည်။ ကားကို မထိပါက ဆက်လိမ့်ဦးမည်ဆိုသည့်သဘော။ ထူးဆန်းသည်မှာ ဘောလုံးသည် အမေကြီး ကားထဲမှ အမှတ်တမဲ့ ပစ်ချလိုက်ရာ ပစ်ချလိုက်သော အားအရှိန်က ကုန်းဆင်းဖက်ကို ပါသောကြောင့် ဘောလုံးက ကုန်းဆင်းအတိုင်း ဆင်းချသွားရာ ပေ ၂၀၀-၂၅၀ ခန့်နေရာရောက်မှ ကားတစ်စီးနှင့်ထိကာ ရပ်သွားခြင်းဖြစ်ပါသည်။ အိမ်ရှေ့မှ ကားပါကင်က မြေညီတွင်ဖြစ်ရာ အမှတ်တမဲ့ ပစ်ချလိုက်သော ဘောလုံးသည် အရပ် ၈ မျက်နှာ လိမ့်နိုင်ပါလျက် ဖြစ်နိုင်ချေနည်းသော ကုန်းဆင်းဖက်ကို တည့်တည့် လိမ့်သွားသည့်အပြင် မီတာ ၂၀၀လောက်အကွာ အထိ နောက်ထပ် လမ်းမတစ်ခုကိုပင် ဖြတ်ပြီး ဆင်းသွားပုံမှာ ထူးဆန်းလှပါသည်။

ဘောလုံးသွားရာ လမ်းကြောင်း

 ဤတွင် ဇာတ်လမ်းကား မပြီးသေး။ အမေလုပ်သူ အင်ဂျုင်နီယာမကြီးက စဉ်းစားသည်။ ဘောလုံးက ကားကိုထိပြီးရပ်သည်ဆိုတော့ ကားက ဘာမှ မဖြစ်ဘူးလား။ ကားမှန်တွေ ဘာတွေများထိရင် ကွဲကုန်မှာလား။ သူ့မျက်စိထဲမှာ ဘောလုံးက အင်မတန် ပြင်းသော မြန်သောအရှိန်ဖြင့် ခုန်ကာ ကားကို ၀င်တိုက်မိသည်ဟု ထင်နေသည်။ သို့နှင့် ကားကိုထိမိသောအခါ ခန့်မှန်းချေ ဘောလုံး၏အလျှင် (speed) ၊ အား (force) တို့ကို ငယ်ငယ်ကတွက်ဖူးသည့် ရုပဗေဒပညာရပ်အားကိုးဖြင့် ပြန်တွက်ကြည့်ချင်နေသည်။ ( ဤနေရာတွင် physics ကို သင်ပေးခဲ့ဖူးသော ဆရာဆရာမများကို အမှန်ပင် သတိရမိပါသည်။ ဆရာ ဦးအောင်ဖေညွန့်၊ သား-ကိုတူး၊ ဆရာဦး SS သိန်းလွင်၊ ၁၀တန်းတုံးက ဆရာမ၊ ဆရာ ဦးသာလှိုင် အစရှိသဖြင့် ဆရာများကို ဂါရ၀ပြုပါ၏။)

ရယ်ရသည်မှာ သီအိုရီအချို့လဲ အတိအကျ မမှတ်မိတော့ နောက်ဆုံး ဆရာ့ဆရာများ၏ ဆရာ ဂူဂဲလ်ကိုပင် အားကိုးရပါတော့သည်။

 ဂူဂဲလ်တွင် အဖြေများ တွက်နည်းများ များစွာတွေ့ရာ အနီးစပ်ဆုံးတူသည့် ပေ့ရှ် တစ်ခုကိုသာ ပုံသေထား တွက်ပါမည်။ assumption မှာ ဘောလုံးသည်  ၂၀ဒီဂရီစောင်းနေသော ကားပါ့ကင် အမြင့်မှ၂၀၀ မီတာတောက်လျှောက် လိမ့်ဆင်းသည်ဟု ယူဆပါသည်။ ပစ်လိုက်သောအားမှာ အလွန်နည်းရာ starting speed ကိုလဲ Vo=0 (ကုန်းဆင်းမှ အသာ လွှတ်ချသည်) ဟု ယူဆပါသည်။

 http://www.feynmanlectures.info/solutions/roll_without_slipping_sol_1.pdf
 အထက်ပါပေ့ရှ်မှ ထိုပုံသေနည်းကို ရပါသည်။
 

V=?, g= 9.81 m/S^2, S=200 m (assumption), θ= 20 deg (assumption) ,

 K= I/MR^2
 http://en.wikipedia.org/wiki/List_of_moments_of_inertia
where I= 2MR^2/3 (for hollow sphere) , so, K=  2/3
 အထက်ပါဖော်မြူလာတွင် အစားထိုးကြည့်သောအခါ  ဘောလုံး၏ speed (at 200m)ကို တွက်၍ရပါသည်။

 အဖြေမှာ 28.37 m/sec ဖြစ်ပါသည်။ ဘောလုံးကားကို ထိသောအခါ speed ဖြစ်ပါသည်။ မြင်လွယ်အောင် ကား speed နှင့်ပြပါက (102km/hr) တစ်နာရီ ကီလို ၁၀၀ခန့် ဖြစ်ပါသည်။

ထိုဖော်မြူလာမှ ထူးခြားချက်ကို သတိပြုမိပါသလား။ ရူပဗေဒသင်စဉ်က အားလုံးနားလည်ထားပြီသားတစ်ခုကို ပြန်နွှေးပေးပါမည်။ ထိုဖော်မြူလာတွင် ဘောလုံး၏ အလေးချိန် (mass) နှင့် ဘောလုံး၏ size ပမာဏ ( ဥပမာ radious) အစရှိသဖြင့် မပါသည်ကို သတိပြုစေလိုပါသည်။ ဆိုလိုသည်မှာ air resistant ကို လျှစ်လျှူရှုပါက ဘောလုံး လေးလေး၊ ပေါ့ပေါ့၊ ကြီးကြီး၊  သေးသေး နေရာတစ်ခုရောက်ရန် speed အတူတူ၊ ကြာချိန်အတူတူဖြစ်ပါသည်။ ( တော်တော်များများ ရူပဗေဒနားမလည်သူများကတော့ လေးရင်တော့ မြန်မြန်ရောက်မှာပဲ ကြီးရင်တော့ မြန်မြန်ရောက်မှာပဲ ထင်ထားကြမည်ဖြစ်သည်။)

(ဘောလုံးက solid (အလုံးပိတ်) ဖြစ်လျှင်တော့ ဖော်မြူလာတွင် K တန်ဖိုးကပြောင်းသွားသည် (K=2/5) Moment of Inertia ( I ) တန်ဖိုးပြောင်းသွား၍ဖြစ်ပါသည်။ စိတ်ဝင်စားသူများ တွက်ကြည့်နိုင်ပါသည်။ (answer:  30.96 m/sec,  12.9 sec)။ ဤတွင်တော့ လေးလျှင် ပိုမြန်သည့်သဘောကို ပြပါသည်။ အပေါ်က သဘောတရားနှင့် ဆန့်ကျင်ပါသည်။ စိတ်ဝင်စားသူများ နားလည်လျှင် ရှင်းပြကြပါဦး၊ အလုံးတွေဆိုတော့ CG ကလဲ centre မှာ အတူတူပဲ မဟုတ်လား။)

 ဘောလုံးသည် ကိန်းသေအရှိန် (constant acceleration) တစ်ခုဖြင့် ဆင်းနေသည်ဟု ယူဆရာ ဘောလုံးရောက်ရန် ကြာသည့် အချိန်ကို အောက်ပါ ဖော်မြူလာတွင် အစားထိုးကြည့်သောအခါ ကြာချိန် 14.1 စက္ကန့်ရပါသည်။
 t= S/V avg

where, V avg=V/2 (at constant acceleration)

so,  t=2S/V

အမေကြီး ကားပေါ်မှ ပစ်ချပြီး နောက် ၊     နောက်ထပ်ကားတစ်စီးကို ထိပြီး ရပ်သည်အထိ ကြာချိန် 14.1 စက္ကန့်ဖြစ်ပါသည်။

တွက်နည်းသည် assumption များစွာကို အခြေခံထားရာ ကွက်တိအမှန် မဖြစ်နိုင်ပါ။ သို့ပေမဲ့ အနီးစပ်ဆုံး ခန့်မှန်းချက်လောက်တော့ ပေးနိုင်သည်ဟုယူဆပါသည်။

အမှန်မှာ ဘောလုံးသည် နောက်ပိုင်း လက်တွေ့စမ်းသပ်ချက်များအရ လမ်းဘေး ပလက်ဖောင်း ဘောင်ကို ထိ၍ ဤအတိုင်း ထိလျှက်တောက်လျှောက်ဆင်းရာ ကားကိုထိတော့ အရှိန်မှာ တော်တော်နည်းနေပါပြီ။ အမေကြီးထင်သလို ကားမှန်တွေ ဘာတွေထိရင် ကွဲမှာလားဆိုတော့ မကွဲနိုင်ပါ။

 ကားကို ထိသည့် Force ကိုတော့ ၀ါသနာပါသူများ တွက်ကြည့်ကြပါဦး။ 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဤတွင်လည်း ဇာတ်လမ်းက မပြီးသေး။ TV ကနေ Backyard science လို ရှိုးတွေကြည့်ထားသည့် ဂျူဂျူက ဘောလုံးကို ပစ်ချပြီး စမ်းချင်သည်ဆိုတော့ သားအမိ၊ သားအဖတွေ အလုပ်မရှိ အလုပ်ရှာ ဘောလုံးကို ပစ်ချကာ ဘောလုံး မည်သို့ လိမ့်မည်လဲ ကြည့်ကြသေးသည်။
အမေကြီးက သူ့တာဝန် သူယူ၊ အပေါ်ကနေ ဘောလုံး ချပေးရသည်။ ဂျူဂျူက ဘောလုံးနောက် တောက်လျှောက်လိုက်သည်မှာ မောနေသည်။ သူ့ဘောလုံးလေး ထပ်ပျောက်မည် စိုးသတဲ့။ သူ့အဖေကြီးက လမ်းချိုးတွင် စောင့်ကာနေသည်။ လမ်းမှာ ကားလာနေလျင် စောင့်ဖမ်းရအောင်ဖြစ်သည်။ ကားကိုသွားထိလို့ လျော်နေရလျှင် မခက်လော။

 ဤတွင် ထူးခြားမှူမှာ ဘောလုံးသည် ဘယ်တော့မှ ကုန်းဆင်းလမ်းအတိုင်း တည့်တည့် တန်းတန်း မသွား၍ ၄-၅ခါလောက် ပစ်ချနေရသည်။ အမေကြီး ကားပေါ်ကချသည့် နည်းအတိုင်းပင် ပစ်ချရာ ကုန်းဆင်းဖက်ကို လိမ့်ဖို့ရာပင် အတော်ပင် ခဲယဉ်းပါသည်။ ကုန်းဆင်းဖက်ကို အားအနည်းငယ်ထည့်ပစ်သည်ပင် ဘောလုံးသည် လမ်းအတိုင်းမသွား လမ်းဘေး သစ်ပင်များဖက်၊ ချုံပုတ်များဖက်၊  အိမ်ဘေးက ကားဂိုထောင်ဖက် အစရှိသဖြင့်သာလိမ့်နေ၍ လမ်းအတိုင်းတည့်တည့်သွားအောင် အတော်ပစ်နေရသည်။


ဘောလုံးသွားရာ လမ်းကြောင်းများ (red lines) , နောက်ဆုံး အမှန် လမ်းကြောင်း ( blue line)
လမ်းအတိုင်း တစ်ခေါက်တည့်တည့်ရောက်သောအခါလည်း လမ်းကွေးလေးထိပ်ရှိ အိမ်တစ်အိမ်မှ ကားဂိုထောင်ထဲ ၀င်မည်ပြုရာ ဂျူဂျူ့မှာ မနဲလိုက်ကောက်နေရသည်။ (ညအချိန်တွင် ကားဂိုထောင်မှာ တံခါးပိတ်ထား၍ ထိုမှပြန်ကန်ကာ ကုန်းဆင်းအတိုင်းပြန်လိမ့်သည်ဟု ယူဆပါသည်။ မသေချာပါ။ )

 နောက်တစ်ခေါက်ပစ်သောအခါ ဂျူဂျူမှာ ကားဂိုထောင်စောင့်ရပါသည်။ ကားဂိုထောင်ရှေ့ရောက်လာသော ဘောလုံးကို ကားဂိုထောင်တံခါးနှင့် ထိသည့်အလား သူ့လက်ကလေးဖြင့်ခံကာ ပုတ်ထုတ်ပါသည်။ ထိုအခါလည်း ဘောလုံးမှာ ကုန်းဆင်းအတိုင်းမသွား ဘေးချုံပုတ်တွေထဲဝင်သွားပြန်သည်။

ကားဂိုထောင် တံခါးစောင့် ဂျူဂျူလေးမှ ပြန်ပုတ်လိုက်တဲ့ ဘောလုံး။

သို့နှင့် ဟောဟဲ... ဟောဟဲ ... အမေကြီးမှာ အပေါ်ပြန်ပြေးတက် ဘောလုံးကို ထပ်ချရပြန်ရာ နောက်ဆုံးတစ်ခေါက်တွင် ဘောလုံးသည်

ကားပါကင်အောက် လမ်းအတိုင်း လိမ့်ဆင်း ...

ကားဂိုထောင်တံခါးမှူး ဂျူဂျူမှ လက်နှင့်ခံ ကာ ပုတ်ထုတ် ..
လမ်းမဖက် တည့်တည့်တန်းတန်း လိမ့်ဆင်း ...
ကားတစ်စီးမှ မလာ ...
သူ့အဖေကြီးမှ စောင့်ကြည့် ...
 ရှေ့လမ်းမကို ကန့်လန့်ဖြတ် ...
 ပလက်ဖောင်း ဘောင်ကို ထိ ...
ပလက်ဖောင်းဘောင်အတိုင်း တောက်လျှောက် လိမ့်ဆင်း...
နောက်ဆုံး  ကားတစ်စီးနှင့်ထိကာ ရပ်သွားသည်ဆိုပါသည်။ အဖေကြီးက သူထိုနေ့ညက တွေ့ခဲ့သည့် ပုံစံနှင့် တစ်ပုံစံတည်း ဖြစ်သည်ဆိုကာ experiment ကို ရပ်လိုက်ကြပါသည်။ 
ဘောလုံးက အနီရောင် လမ်းအတိုင်း ဘေးက နံရံကိုထိပြီးဆင်းသွားတာမှို့ friction force  ကြောင့်
 ကားကိုထိတဲ့ အချိန်မှာ အရှိန် အတော်နည်းသွားမှာပါ။

Experiment မှ conclusion ဆွဲသော် ဂျူဂျူတို့ မိသားစု ဘောလုံးပျောက်ပုံကို အံ့သြမည်ဆိုလည်း အံ့သြလောက်စရာ။ အမှတ်တမဲ့ပစ်ချလိုက်သော ဘောလုံးသည် ကုန်းဆင်းလမ်းလေးအတိုင်း တည့်တည့်လိမ့်ကာ မီတာ၂၀၀အကွာကို ချက်ချင်းရောက်သွားသည်။ ထိုပုံစံအတိုင်း သွားစေလို၍ တမင် ပစ်ချသောအခါ ဘောလုံးမှာ ဘေးဘီ ကွေ့ပတ်၍တစ်မျိုး၊ ဟိုဝင်ဒီဝင်နှင့်  ထိုလမ်းအတိုင်းရောက်ဖို့ရာ အင်မတန်ပင် ခက်ခဲကြောင်းတွေ့ရှိရပေရာ လောကတွင် လူတို့သည် ထိုသို့သော ကြက်ကန်းဆန်အိုးတိုး အမှတ်တမဲ့ အဖြစ်မျိုး ဖြစ်တတ်ကြ၍ အမှန်တကယ်ရည်ရွယ်၍ ကြိုးစားလုပ်သူများသည် ကံလမ်းချော်ပါက ကြိုးစားပါလျှက် ကြက်ကန်းတိုးသူများလောက် မဖြစ်ထွန်းနိုင်သည်ကို သတိ သံဝေဂ ရကြစေလိုပါသည်။

လောကတွင် အချို့သည် ကြိုးစားမှု မလိုပဲ သူ့ အတိတ် ကုသိုလ်ကံ ပါရမီကြောင့် ကြီးပွားချမ်းသာ သူများရှိသလို၊ မိမိက သူတို့ထက် ဥာဏ်ပညာတွင်လဲ သာ၊ ကြိုးလဲ ကြိုးစားပါလျက် သူ့လောက်အတိတ်ကံမပါ၍ သူ့လောက် မဖြစ်ထွန်းရာ သူ့ကိုလဲ မနာလို ၀န်တိုဖြစ်ဖို့မလို၊ သူ့ကံ ကိုယ့်ကံမတူ၍ဟုသာ ယူဆစေ လိုပါသည်။ သို့ပေမဲ့ ကြိုးစားမှုသည် အချီးနှီးမဖြစ်ရာ တစ်ခါ မဖြစ် အကြိမ်ကြိမ်ကြိုးစားပါကာလည်း မိမိလိုရာ ပန်းတိုင်ရောက်နိုင်ကြောင်း အမေကြီးမှ ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဆွဲထည့်ကာ ပိတ်သတ်များအား သင်္ခန်းစာ ပေးလိုက်ပါသည်။
( စာရေးရင် moral လေးပါအောင် ရေးမယ်လို့ သူများစာတွေ လျှောက်ဖတ်ပြီး အားကျလာလို့ ထည့်ရေးထားခြင်းဖြစ်ပါသည်။း)))  ..... ဟမ် )))))))))

ပြီးပါပြီ။



 ပြီးခဲ့သည့် ပို့စ်က ပိတ်သတ် စိတ်ဝင်စားအောင် ကုန်းလျှောလေးရှိတာ ဂျူဂျူလေးတို့ အိမ်က အမြင့်လေးမှာ ရှိနေတာ ကို စာထဲမှာ လျှို့ဝှက်ထားပါသည်။ သို့ပေမဲ့ ဖြေမည့်သူများအတွက် စဉ်းစားလို့ရအောင် ဓာတ်ပုံတစ်ပုံဖြင့် hint ပေးထားပါသည်။ စိတ်ဝင်တစား ဖြေပေးကြသူ များကို ကျေးဇူးတင်ပါသည်။
မျှားပြထားသော မျဉ်းကြောင်းမှာ ကားပါ့ကင်သည် အမြင့်မှာ ရှိကြောင်း hint ပေးထားခြင်းဖြစ်ပါသည်။

WINNERS are ....
ကန်အားကောင်းတော့  ဟိုးကားနောက် က လမ်းထဲလိမ့်သွားပြီနဲ့ တူတယ်
Reply Delete

ကုန်းလျှောကနေ အောက်ကို တောက်လျှောက် လိမ့်သွားတယ်နဲ့ တူပါတယ်..
ကဘာမြေကြီးရဲ့ ဆွဲငင်အားဆိုလား..ဘာလား..
=P
-m
Reply  Delete


လျှောဆင်းသွားတယ် ထင်တယ်

ကြည်စန္ဒာ
ReplyDelete

ကျန်တဲ့သူတွေ ဖြေတာတချို့လည်း ရယ်နေရတယ်။ ဦးခြိမ့်ပုဆိုးထဲဝင်သွားတယ်ဆိုတာ။း)) ကားထဲ ပြန်ဝင်သွားတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးခင်ည။ ဂျူဂျူလေးက အဲဒီတံခါးပေါက်က ထွက်တာဆိုတော့ ဘောလုံးက အကြီးကြီးကို မဆင်းခင် မြင်မှာ သေချာတယ်။ သူက အဲဒါကို ကျော်ပြီးမှထွက်ရမှာကိုး။




Sunday, October 28, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၁)

 

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြား ကုန်းရှာရင်း ....

" အေး .. မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ ... သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ၊ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

ထိုဘောလုံးကိစ္စ လူကြီးတွေအဖို့ရာတော့ ဘာမှမဟုတ်ပေမဲ့ ကာရကံရှင်ဂျူဂျူလေးကတော့ ငိုမဲ့မဲ့ဖြစ်နေပါပြီ။ သူ့သိပ်မြတ်နိုးသည့် ဘောလုံးကလေး။ ခလေးတွေက ဒီလိုပဲ စွဲမိစွဲရာ စွဲတတ်သည်။ ဒီဘောလုံးမျိုး နောက်ထပ် ၁၀လုံး ၀ယ်ပေးမည် ဆိုလဲ သူကျေနပ်မည်မဟုတ်မှန်း သူ့အမေက သိပြီးသားမှို့ ဘာမှထပ်မပြောလိုတော့။ ထို့ပြင် ယခုကိစ္စတွင် ဂျူဂျူလေး ကျေနပ်အောင် မည်သို့ပြောရမည်လဲ ဆိုသည်ထက် ဘောလုံးပျောက်ပုံ ဆန်းကျယ်လွန်း၍ အမေလုပ်သူမှာ အံ့သြတကြီးသာ ဖြစ်နေလေတော့သည်။

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ဂျူဂျူသည် မိန်းခလေးတန်မဲ့ ဘောလုံး အလွန်ကြိုက်သည်။  သူ့မှာ နဂို Nike တံဆိပ် ဘောလုံးအနီလေးရှိရာ ထိုဘောလုံးလေးနှင့် ကစားသည်မှာပဲ ကြာလှရှိပြီ။ ယခု နောက်ထပ် ဘောလုံး တစ်လုံး လိုချင်ပြန်သတဲ့။ အဲဒီဘောလုံးအနီလေးက ကြာတော့  bounce မဖြစ်တော့ဘူးတဲ့။ သူလိုချင်သည်က ကျောင်းမှာ သူ့သူငယ်ချင်း ကုလားမလေးဆော့သည့် Netball ဆိုလား၊  ဘာလား။  Netball  ကို မည်သို့ဆော့မည်လဲ မေးရာ  ရေရေရာရာ မဖြေနိုင်။  သို့ပေမဲ့ ဂျူဂျူလေးသည် လူနာအမဲခြောက်တောင်းသလို ဘောလုံးတစ်လုံးရပါမည့်အကြောင်း ပူဆာမြဲ ပူဆာလေသည်။ နေ့စဉ်ရက်ဆက် ပူဆာသည်။ ညအိပ်ချိန်တိုင်း ကပ်ချွဲကာ ပူဆာသည်။ ရှော့ပင်ရောက်တိုင်း သူ့ကို  ဘယ်တော့ Netball ၀ယ်ပေးမည်လဲ တရဆက် မေးလေရာ ကြာတော့ သူ့အမေကြီးလဲ နားပူမခံနိုင်တော့ပြီ။ တစ်ရက် အားကစားပစ္စည်းများရောင်းသောဆိုင်ရောက်ရာ သူ့စိတ်ကြိုက် Netball တစ်လုံး အမြန်ဝယ်ပေးလိုက်ရသော ဟူ၏။

ဘောလုံး အသစ်လေးသည် သူ့အခေါ် ပင့်ခ်ကာလာ အရင့်နှင့်အနုစပ်ထားသော စပ်ကျား၊ လှလှလေးဖြစ်သည်။ အိမ်က အနီရောင်အဟောင်းလေးထက် အရွယ်အစားကြီး၍ ဂျူဂျူလက်နှင့် တစ်ပိုက်စာရှိသည်။ လေမှာလည်း တင်းတင်းရင်းရင်းရှိရာ ဘောလုံးမှာ ပစ်ချလိုက်တိုင်း အမြင့်တစ်နေရာသို့ ခုန်ခုန်သွားရာ ဂျူဂျူလေးမှာ အလွန်သဘောကျလျက်ရှိသည်။ ၀ယ်လာသည့်နေ့က ဘောလုံးလေးကို တပွေ့ပွေ့တပိုက်ပိုက်နှင့် ကိုင်လိုက်၊ ပစ်ချလိုက်၊ ဖမ်းလိုက် လုပ်နေရာ သူ့အမေကြီးမှာ နောက်မှ ဖလက်တီဗီကြီးကို ထိမည်စိုး၍ ဟန့် ဟန့်နေရသည်။
 
ဂျူဂျူလေးသည် သူ့ဘောလုံး ပင့်ခ်ကာလာလေးကို အရိပ်တကြည့်ကြည့်နှင့်နေရာ နောက်နေ့ နံနက်အိပ်ရာထတွင် အလန့်တကြား ထ အော်လေသည်။ သူ့ဘောလုံးလေး ပိန်သွားသည်၊ သေးသွားသည်တဲ့။  သူ့အမေကြီး ဟင်းချက်နေရာကနေ ထ စမ်းကြည့်တော့လဲ ဘောလုံးက နဂိုအတိုင်း တင်းတင်းရင်းရင်းရှိရာ သမီးရယ် မဟုတ်ပါဘူး နဂိုအတိုင်းပါပဲဟု ဖျောင်းဖျရသည်။ ဂျူဂျူမှာကား လက်မခံ၊ သူ့ဘောလုံးသေးသွားသည်သာ တွင်တွင်ပြောနေတော့သည်။ သူ့အဖေကြီး ရုံးကပြန်ရောက်တော့လဲ ဤအကြောင်းပြောပြန်ရာ သူ့အဖေက မသေးပါဘူးသမီးရယ် နဂိုအတိုင်းပါပဲဟု ဖျောင်းဖျနေသံ ကြားရသည်။  ဂျူဂျူလေးမှာ သူ့ဘောလုံးလေးကို အလွန်မြတ်နိုးရကား ထုံးစံအတိုင်း ဥစ္စာခြောက်ခြင်း ဖြစ်မည်ဟု ကောက်ချက်ချမိပါသည်။

 ဂျူဂျူလေးသည် ခလေးပီပီ ပစ္စည်းအသစ်၊ ကစားစရာအသစ် ရတိုင်း  သူ့သူငယ်ချင်းများနှင့်အတူ ကိုင်ကာ ကစားကာဖြင့်  ကြွားချင်သည်လား မဆိုနိုင်။  ပုံမှန်အားဖြင့်တော့ သေးသေးမွှားမွှားပစ္စည်းဆို ကျောင်းသို့ယူသွားကာ ကစားလေ့ရှိသည်။ ထိုဘောလုံးမှာကား သူ့ကျောပိုးအိပ်ဖြင့်ပင် မဆန့်ရာ ကျောင်းသို့သယ်ရန် အခွင့်အရေးမရရှာ။ သို့ပေမဲ့ ယနေ့ ဘုန်းကြီးကျောင်းသွားမည်ဆိုတော့ သူဘောလုံးတွေ ကျောင်းသို့ သယ်လို့ရမည်လား ခွင့်တောင်းရာ သူ့အမေကြီးမှာ ခလေးကို နေရာတကာ မချုပ်ချယ်လို၍ ခွင့်ပြုလိုက်၏။  ဤသို့ဖြင့် အနှီဘောလုံး၂လုံးသည် ညနေဘုန်းကြီးကျောင်းသွားရာတွင် သူ့တို့သခင်မ ဂျူဂျူ့ ဘေးမှ အတူလိုက်ပါခွင့်ရကြလေသည်။

ဘုန်းကြီးကျောင်းမှာ စာသင်ကြ၊ ဆော့ကြသည်။ (ဂျူဂျူ့မှာကား သူ့ဘောလုံး၂လုံးနှင့် ခလေး၂ယောက်အမေလို ဘောလုံးတွေ ပျောက်မည်စိုး၍ ထိမ်းကျောင်းနေရသည်။ အပြန်ဘောလုံးတွေ မမေ့အောင်လဲ ယူရသေးသည်။ ) ပြီးတော့ အလှူတစ်ခု အတူသွားကြ၊ ပြီးတော့ သူငယ်ချင်းအိမ်ဝင် ကာရာအိုကေဆိုကြ  ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ ထုံးစံအတိုင်း အပြန်ကျ ဂျူဂျူတို့အမေ ကားမောင်းလာရသည်။ ကားနောက်ခန်းမှ ဂျူဂျူလေးကတော့ သူ့အဖေနှင့် အမေပြောသည့်စကားများကို မကြားတစ်ချက်၊ ကြားတစ်ချက်၊   အိပ်ငိုက်ရင်း လိုက် ပါလာသည်။

သို့ဖြင့် နာရီဝက်ခန့်မောင်းပြီး အိမ်ရှေ့စင်ဝင်အောက် ကားဆိုက်လာရာ သူ့အဖေမှ အိမ်တံခါး သော့ဖွင့်ရန် အရင်ဆင်းချသွားသည်။ သူ့အဖေတံခါးဖွင့်ရာ အိမ်ရှေ့က မှောင်နေ၍  မမြင်မကန်းနှင့် တော်တော်နှင့်ဖွင့်မရ ဖြစ်နေသည်။ ထိုအချိန်တွင် ဂျူဂျူလေး ကားထဲကထွက်ဖို့ပြင်တော့ သူ့မှာ လွယ်အိပ်၊ စာအုပ်၊ ဘောလုံး၂လုံး၊ အနွေးထည်တို့နှင့် ရှုပ်ရှက်ခတ်လျှက်ရှိကာ ပါးစပ်မှလည်း မေမေ ကူသယ်ပေးဦးနော်ဆို ပြောနေသည်။ ကားပေါ်ထိုင်နေဆဲ သူ့အမေကြီးမှာ  စိတ်မြန်လက်မြန်ရှိရကား ဒါများသမီးရယ်ဆိုကာ သူ့လက်ထဲမှ ဘောလုံး၂လုံးယူကာ တစ်ဖက် ပွင့်နေသောတံခါးမှ အောက်သို့ ပစ်ချပေးလိုက်သည်။ ဂျူဂျူတို့အဖေမှာလည်း အိမ်တံခါးဖွင့်မရရာ ကားမီးဖွင့်ပေးပါဦးဆို၍ ကားအင်ဂျင်ကို စက်ပြန်နှိုးကာ မီးဖွင့်ပေးမှ တံခါးက ဖွင့်၍ ရလေသည်။

ဂျူဂျူလေး ကားပေါ်မှအဆင်းတွင် ဇာတ်လမ်းကားစလေပြီ။ မေမေ ဂျူဂျူ့ဘောလုံး ပင့်ခ်ကာလာ မတွေ့တော့ဘူး။ မေမေ ရှာပေးပါဦး ... ဆိုတော့ စိတ်ထဲ ဒီရှပ်ပြာမလေးတော့ ဒီလောက်ရှင်းနေတာကြီး ရှာမတွေ့ရကောင်းလားဆို စိတ်က ဖြစ်သွားသေးသည်။ တကယ်ပျောက်လိမ့်မည်ဟု လုံးဝထင်မထား။  ကိုယ်တိုင်ဆင်းကြည့်တော့လဲ မတွေ့။ အတော်တော့ ထူးဆန်းသည်။ ဘေးပတ်ဝန်းကျင် ဟိုဖက်အိမ် ကားဂိုထောင်ဖက်များရောက်မည်လား ဆင်းကြည့် ဟိုဟိုဒီဒီ လိုက်ကြည့်၊ သစ်ပင်တွေကြားထဲ ဖြဲကြည့်တော့လဲ မတွေ့။

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြားကုန်းရှာရင်း ....

" အေး မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ၊ သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

အိမ်ထဲဝင် မီးဖွင့်ပြီးပြန်ထွက်လာသည့် ဂျူဂျူတို့အဖေလည်း သားအမိ၂ယောက် ဘောလုံးပျောက်ရှာနေပုံကြည့်ကာ သူ့၏နာမည်ကျော်မျက်ခုံး အရှုံ့လိုက်ကြီးကို တွန့်ခါ တွန့်ခါဖြင့် မေးနေသည်။  ဘောလုံးကို ကားထဲကနေ ဒီလိုလက်လွတ်စပယ် ပစ်ချရကောင်းလားဟု အမေလုပ်သူကို အပစ်တင်နေသည်။ အမေကြီးကတော့ အော် ဒီလိုပျောက်မယ်မှန်းသိ ကျုပ်လဲ ဘယ်ပစ်ချမလဲတော် ... တော်ရော ဒီလိုပစ်ချရုံလေးနဲ့ ပျောက်မယ်များ တွေးဖူးလို့လားဟု နှုတ်သီးထော်ကာ  ပြန်ရန်ထောင်နေသေးသည်။

ဘာပဲပြောပြော ဘောလုံးကား ထူးဆန်းစွာ ပျောက်ချင်းမလှ ပျောက်လေပြီ။ ငယ်ငယ်က အတွေးဆိုလျှင်ဖြင့် ညမှောင်မှောင် နတ်ဖွက်သည်လား၊ ပယောဂလား၊ ဘာလား ထင်ချင်စရာ။   ဘောလုံးပစ်ချချိန်နှင့် ဂျူဂျူကားပေါ်ကဆင်းချိန် စက္ကန့်ပိုင်းသာကြာသည်။ ထိုဘောလုံး ဘယ်ပျောက်သွားသနည်း။    ။

ထိုဘောလုံးပျောက်ပုံကို စုံထောက်ဝထ္ထုလို အမှုကို ပြန်လေ့လာမည်ဆိုပါက

မှုခင်းဖြစ်ပွားပုံ
ည ၁၀နာရီခွဲခန့် မှောင်နေသည့် အိမ်ရှေ့စင်ဝင်ဝတွင် ကားရပ်ထားသည်။ ကားပေါ်မှ ကားမောင်းသူဒရိုင်ဘာနေရာတွင် အမေလုပ်သူထိုင်နေသည်။ တရားခံ အမေမှ  တခြားတစ်ဖက် ပွင့်နေသော တံခါးမှ ဘောလုံးတွေကို ပစ်ချသည်။ ကားပေါ်မှ တရားလို သက်သေ သမီးဖြစ်သူက ဆင်းသည်။ သူဆင်းပြီးပြီးချင်း ဘောလုံးအနီလေးသာ တွေ့သည်။ ဘောလုံး ပန်းရောင် ရှာမတွေ့တော့။
ထိုအချိန် အရေးကြီး အထူးရှယ်သက်သေ အဖေလုပ်သူက ကားဘေးနား တစ်မီတာခန့် အကွာတွင်ရှိ အိမ်တံခါးကို မမြင်မကန်း ကြိုးစားပမ်းစားဖွင့်လျက်ရှိသည်။ ထိုသူသုံးဦးကြား စက္ကန့်ပိုင်းအတွင်း အနှီဘောလုံးပန်းရောင်မှာ ပျောက်ချင်းမလှပျောက်သွားခြင်းဖြစ်သည်။

ဘောလုံးပျောက်ရာ မြင်ကွင်း ...






ပိတ်သတ်ကြီးရော ဂျူဂျူ့ဘောလုံး စက္ကန့်ပိုင်းအတွင်း မည်သို့ မည်ပုံ ပျောက်သွားသည် ထင်ပါသနည်း။ အဖြေကတော့ သိပ်မခက်လှချေ။

ပဟေဠိ အဖြေညှိရန် ရှေ့ပို့စ်တွင် ဆက်ပါမည် .... မျှော် ...း)))



Monday, October 22, 2012

ဂျေမီကိုမောင်ခြိမ့်၏ သရက်သီးခွဲနည်း ...


အိမ်က သားအဖ၂ယောက်သည် တီဗီကြည့်တာ အင်မတန် ၀ါသနာပါသည်။ အားနေလျှင် သားအဖ၂ယောက် အိမ်ရှေ့မှာ တီဗီကြည့်နေကြပြီ။ ဂျူဂျူကဆို ပိုဆိုးသည်။ တစ်နေ့တစ်နေ့ သူ့မှာ တီဗီတွင် ဘာအစီအစဉ်တွေရှိသည်။ ဘာပြီးလျှင် ဘာကြည့်မည်။ စကယ်ဂျူးတွေက အပြည့်။  တစ်ခုခုခိုင်းပြီ၊ စာကြည့်ခိုင်းပြီဆို ဂျူဂျူ့အကြိုက်မှို့ ဒါလေးပြီးအောင်ကြည့်ဦးမည်။ ဒါလေးပြီးပြန်တော့လဲ နောက်လာတဲ့ဟာက ဂျူဂျူ့ဖေးဘရိတ်ဖြစ်နေပြန်သည်။ သူ့အမေကြီး စိတ်တိုပြီး ဟိတ်ကောင်မလေး နင်ကြည့်တာရပ်ရင်ရပ်၊ မရပ်ရင် ဘာပြုမည်၊ ညာပြုမည်၊ မေမေစိတ်ဆိုးတော့မည်၊ ခုချက်ချင်းလုပ် ဆိုမှ အမေကို ကြောက်တာနှင့် ထလုပ်ရတော့သည်။

ဒါတင်မက တီဗီကလာသည့် ကြော်ငြာများမှ စားစရာ၊ ကစားစရာ၊ အရုပ်မျိုးစုံကိုလဲ မအေကို ပူဆာတတ်သည်။ အန်တီဆွိမှာ သူတို့လောက် တီဗီမကြည့်တော့ တစ်ချို့ အပြင်က ကိစ္စတွေ၊ လိုကယ်သတင်းတွေဆို သူတို့လောက်တော့ မသိပါ။ သူတို့သားအဖ တီဗီကြည့်ပြီဆို မကောင်းတတ်၍သာ အိမ်ရှေ့ထွက် ထိုင်ရသည်။ ဆိုဖာပေါ်ထိုင် ကွန်ပြူတာတစ်လုံး ပေါင်ပေါ်တင် အွန်လိုင်းတက်ကာ  ဟိုလျှောက်ဖတ်၊ ဒီလျှောက်ဖတ်။ အများအားဖြင့် မြန်မာဆိုက်များကိုသာ သွားဖတ်သည်။ တစ်ခါတစ်ရံလဲ အလုပ်အတွက် လေ့လာစရာ ဖတ်စရာများရှိရာ အင်တာနက်ကနေ ရှာဖွေဖတ်ရှူနေတတ်သည်။
ဂျူဂျူ့ ဖေးဘရိတ် တီဗီရှိုး

ထိုသားအဖကတော့ အပြင်မှာ တစ်ခုခုဆို တီဗီ သတင်းတွေ၊ ကြော်ငြာတွေကနေ သူတို့က သိနေပြီ။  ကိုယ်ကသာ အ,တီး အ,တ။ တစ်ခါတစ်လေ အပြင်သွားရင်း သားအဖ၂ယောက် ပြောနေကြတာ၊ စကားလုံးအသစ် ထူးထူးဆန်းဆန်း၊ ဘာပြောတာတုံးဆို နားမလည်။ အဲဒါဆို ဂျူဂျူက " မေမေက တီဗီမှ မကြည့်တာ။ you should watch  TV ... " ဆို ပြောသေးသည်။ တီဗီကလာသည့် စားစရာ ဟင်းချက်သည့် ရှိုးများကြည့်ပြီး မအေကို ဟိုဟာချက်ခိုင်း၊ ဒီဟာချက်ခိုင်းလည်း လုပ်တတ်သေးသည်။ အော်ဇီတွင် ညပိုင်းတွင်  အများအားဖြင် cooking show များ၊  food show များ ပြတတ်ရာ ဒါလည်း သူတို့ သားအဖ အကြိုက် ဖြစ်နေပြန်သည်။ တစ်ခါလဲ ကွန်ပြူတာ ကြည့်နေရာကနေ ဘာရယ်မဟုတ်  တီဗီကို ခဏတဖြုတ်ကြည့်မိရာ ဟမ်မလေး သားအဖ၂ယောက် မည်သူမှ မကြည့်သည့် ကြော်ငြာချယ်နယ်ကိုပင်  တမေ့တမော ကြည့်နေရာ အန်တီဆွိမှာ အတော်ပင် သြချမိပါသည်။
ဂျေမီအိုလီဗာ ရှိုး

ဟိုနေ့ကလည်း နာမည်ကြီး  ဂျေမီအိုလီဗာ ဟင်းချက်တာ ဟင်း၅မျိုးကို နာရီဝက်နဲ့ အပြီးချက်ပြတာကို တမေ့တမော ထိုင်ကြည့်နေကြသည်။ အဲဒီရှိုးမှာ သရက်သီးခွဲပုံကို သူတို့ အလွန်ကြိုက်ကြသည်။ ဘာမှတော့ ထူးထူးဆန်းဆန်းမဟုတ်ပေမဲ့ အိမ်က အမေက သရက်သီးကို ဂျေမီအိုလီဗာ ခွဲသလိုမျိုး တစ်ခါမှ ခွဲမကျွေးဖူးတော့ သူတို့ သားအဖ၂ယောက် သူတို့ဟာသူတို့ ပြောနေကြသည်။ သရက်သီးဆိုတာ ဒီလိုခွဲရတာ။ အဲလိုလေးက လှတယ်နော် ဖေဖေ။ နောက်ဆို ဂျူဂျူ့ကို အဲလိုလေးခွဲပေး။ မေမေ အဲလိုခွဲရမှန်းတောင် မသိဘူးနဲ့တူတယ်နော်ဆို၊ သူ့အဖေကြီးကလဲ ကွန်ပြုတာမဲနေတဲ့ မအေဖက်လှည့်ပြီး သရက်သီးဆိုတာ အဲဒီလိုခွဲရကွ ဆို မကြားတကြား ပြောနေသေးသည်။
ဂျေမီအိုလီဗာ သရက်သီးခွဲနည်း။
သရက်သီးခွဲနည်း တက်ဂနိုလိုဂျီအသစ်ရလို့မှ မကြာသေး။ ဟိုနေ့က ဖလင်မန်တန်ဈေးဖက် ရောက်လို့ သရက်သီးတွေ ကပ်ပုံးလိုက်ဝယ်လာခဲ့သည်။ တပုံးလုံးမှ ၁၅ကျပ်။ ၁၅လုံးတောင်ပါသည်ဆိုတော့ တစ်လုံးမှ တစ်ကျပ်၊ ပေါ်ဦးပေါ်ဖျား ဈေးပေါသပေါ့ဆို ၀ယ်လာခဲ့ခြင်းဖြစ်သည်။ ဒီအော်ဇီက သရက်မျိုးတွေက မြန်မာပြည်ကလိုဆို မချစ်စုလို အလုံးကြီးမျိုးတွေ၊ ချိုပြီးမွှေးနေသည်။  သရက်သီးပေါ်ချိန်ဆို စင်္ကာပူကထက် အဆမတန် ဈေးပေါသည်။

ဝယ်လာပြီး နောက်နေ့ပဲ သရက်သီးတွေက အတော်မှည့်နေပြီ။ ထိုနေ့က ဂျူဂျူလေးက ကျူရှင်သွားနေသည်။ နေ့လည် ခလေးသွားမကြိုမီ သူ့အဖေက ထမင်းစားတော့မည်ဆိုသည်။ ဟင်းက ခရမ်းသီးကို ပုဇွန်ခြောက်နိုင်နိုင်နှင့် မဆလာလေးအုပ်ကာ ဆီပြန်နှပ်ထားသည်။ ပြီးတော့  ကြက်ကင်ကို အသားလေးတွေမွကာ ခရမ်းချဉ်သီး၊ ကြက်သွန်နီ ပါးပါးလှီး၊ ပူစီနာနိုင်းချင်း၊ ငရုပ်သီးစိမ်းနှင့် သံပယိုသီး မွှေးမွှေးလေးညှစ်ကာ ယိုးဒယားစတိုင် ချဉ်ငံစပ်လေး သုတ်သည်။ နောက် အိမ်မှာ အမြဲကြော်သည့် ဘာလချောင်ကြော်ရယ်ဆိုတော့ သရက်သီးနှင့်လိုက်သည်ဆိုကာ သူ့အဖေက သရက်သီး ထခွဲသည်။

ဤနေရာတွင် ဦးမောင်ခြိမ့်တို့ လက်စွမ်းပြတော့သည်။ ညက ဂျေမီအိုလီဗာရှိုးမှာ ကြည့်ထားသည့် သရက်သီးခွဲနည်းကားအတိုင်း သရက်သီးကို ခွဲကာ စားပွဲပေါ်တင်ထားသည်။ ပုံစံက သရက်သီးဆိုတာ ဒီလိုခွဲရတာကွ ဆိုသည့် စတိုင်နှင့်။ ဘေးက အူတူတူ အတတ ပိတ်သတ်ကြီးရဲ့ဇာတ်လိုက် သနားစရာ အန်တီဆွိကတော့ သူခွဲတာကြည့်ကာ အသာလေးငြိမ်နေရသည်။ 
ကဲ စားကြပြီဆိုတော့ အန်တီဆွိမှာ ခါတိုင်းဆိုလျှင်တော့ ဇွန်း၊ ခရင်းနှင့်သာ စားပါသည်။ ဒီနေ့တော့ ခရမ်းသီးနှပ်က ဗမာဟင်း၊ ဆီတွေအနှစ်တွေအများကြီးနဲ့ဆိုတော့ ဗမာပီပီ တစ်ခါတရံ လက်နှင့် အားရပါးရ နယ်ဖတ်စားချင်တော့ လက်နှင့်သာစားသည်။ သရက်သီးစားမည်ဆိုကာ သရက်သီးကို ယူလိုက်တော့ အပေါ်မှာ ပြထားသည့်အတိုင်း အခွံနှင့်တွဲရက်၊ သရက်သီးကို လက်က ဟင်းတွေပေကုန်သည်။ စားပြန်တော့လဲ အခွံကြီးနှင့် တစ်ခြမ်းလိုက်ကြီးဆိုတော့ သရက်သီးတွေက နှာခေါင်းကို လာလာထိနေသည်။ ပါးကို လာထိနေသည်။ ပါးစပ်တစ်ခုလုံးလဲ ပေပွကုန်သည်။ လက်နှင့် ခွါပြန်တော့လဲ ထင်သလောက်မလွယ်။ သရက်သီးစိတ်တွေက ကပ်နေသည်။ သရက်သီးကို လက်က ဟင်းတွေ ပေကုန်သည်။   တော်တော့ ကို အဆင်မပြေ။  ခါတိုင်းလို လှီးထားတာလေးက ယူရတာလဲ လွယ်၊ ခရင်းလေးနဲ့ ဇက်ဆို ထိုးယူစားလိုက်ရုံပဲကိုး။
အန်တီဆွိခွဲပုံက စားရလွယ်သည်။
ဦးမောင်ခြိမ့်လဲ လက်နဲ့စားတာပဲ။ သူလဲ ကိုယ့်လိုပဲ တော်တော် အဆင်မပြေဖြစ်မှာပဲ။ ဒါပေမဲ့ သူကတော့ ထုံးစံ သူမှားသွားတာကို ၀န်ခံလိုဟန်မပြ။ အတော်အဆင်ပြေနေဟန်၊ ငြိမ်ပြီးစားနေတော့ အန်တီဆွိက  မကျေနပ်ချင်တော့။ အဲသမှာ အရင်က ဖြစ်ခဲ့သည့် ပြသနာတွေပါ ဆွဲထည့်ပြီး ဗျစ်တောက်ဗျစ်တောက်က စ တော့သည်။ တော့ ... ဒီမယ် ကို မောင်ခြိမ့်ရဲ့ ... တော့် သရက်သီးခွဲနည်းက ဘယ်နှယ့်ရှိစ။ ကျုပ်မှာ စားရတာ အတော် ဒုက္ခရောက်လှသတော်။ လက်တွေလဲ ပေပွ၊ သရက်သီးလဲ ဟင်းတွေနဲ့ ပေပွ။ နှာခေါင်းတွေလဲ ပေပွ။ ဒါတောင် တော့ကြည့်ရတာ အတော် အဆင်ပြေနေပုံပဲ။ ကျုပ်အရင်က ခွဲသလိုလေးကမှ အဆင်ပြေသားနဲ့။ သပ်သပ်ရပ်ရပ် ခရင်းလေးနဲ့ ထိုးစား ဘယ်လောက် အိနြေ္ဒရလိုက်သလဲ။ ခုတော့ ကျုပ်မှာ စားနေရတာ ရစရာမရှိတော့ဘူး၊ ပေပွကုန်ပြီတော့။

ဦးမောင်ခြိမ့်ကတော့ တဟီးဟီးနဲ့ ကောင်းပါတယ်ကွ၊ စားရတာ အဆင်ပြေပါတယ်ကွ ... ဆို ခုချိန်ထိ မလျှော့ဘူး။ တော် ဟာလေ ဘယ်တော့မှ ကိုယ်မှားရင် မှားပါတယ်လို ၀န်မခံဘူး။ ဟိုနေ့ကလဲ အဲလိုပဲ။ ....(())*&&%%$##$#$%%##))*^%$$$%^^^&&&&%$#$%^^^^&#%&*%$#@#$%%((*%%$$# %^#@@^&&*&^%$#@!!#%^&***%$#$^&**^$#$^&&**&
a%%%^#@@^&&*&^%$#@!!#%^&***%$#$^&**^$#$^&&
**^R$E##$%## ..... **&&&&^76...................... ....................... ..............
.... ပြီးတော့ စားအသောက်ရှိုး ဆိုတာမျိုးတွေဟာ၊ လူတွေကြည့်အောင် အထူးအဆန်းလေးတွေ လွယ်တာလေးတွေ လုပ်ပြထားတာ။ တကယ်တန်း စားတော့ အဲလောက်အဆင်ပြေချင်မှ ပြေမှာပေါ့တော့။ အခု တော် လက်တွေ့ သိပြီ မဟုတ်လား .... %%**^R$E##$%##..... ....(())*&&%%$##$#$%%##))*^%$$$%^^^&&&&%$#$%^^^^&#%&*%$#@#$%%((*%%$$# %^#@@^&&*&^%$#@!!#%^&***%$#$^&**^$#$^&&**&a%
%%^#@@^&&*&^%$#@!!#%^&* .......... .............. .။
အမှန်တော့ သရက်သီးကိစ္စက ဒီလောက်တော့ ပြသနာမကြီးလှ။  ဟိုတစ်လောကဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်ပြီး မကျေနပ်တာ ပြောချင်နေတာကြာပြီ။ ခုသရက်သီးကိစ္စပေါ်မှ ရောချပြီး အကုန်ပြောတာပဲကိုး။ သူကလဲ သဘောပေါက်ဟန်ရှိပါသည်။ ဒီဖက်က မီးမျှင့်နေပြီဆိုတော့ သူက တဟီးဟီးနှင့်သာလုပ်နေရသည်။ နောက်မှို့  အနုမြူဗုံးတွေ  ထပေါက်ကုန်တော့မည်။

ဒီလိုနှင့် ညဖက်ရောက်တော့ သားအဖ၂ယောက် နန်းခင်ဇေယျာရှိုးကို ကွန်ပြူတာကနေ လိုက်ဖ်ရှိုး ကြည့်နေရင်းကနေ ဂျူဂျူက ဗိုက်ဆာလာဟန်တူသည်။ မေမေ တစ်ခုခု စားစရာရှိလား ဆိုသည်။ အင်း ခုက fruit time ဆိုတော့ သမီး ဘာစားချင်လဲ။ ပန်းသီး၊ သရက်သီး၊ လိမ္မော်သီး ကြိုက်ရာရွေးဆိုတော့ မယ်မင်းကြီးမလေးက သရက်သီးတဲ့ဗျား။

သရက်သီးလို့ ဆိုရင်းကနေ ဂျူဂျူတို့ ခေါင်းထဲ မီးလုံးလေးဖြတ်ကနဲ လင်းသွားပုံရသည်။  မေမေ ဂျေမီအိုလီဗာလို ခွဲပေးနော်တဲ့။ သူ့မှာက စားဖို့က အဓိက မဟုတ်။ ဂျေမီအိုလီဗာခွဲသလို စားချင်သည်က အဓိက။ တစ်ခါတစ်လေ ဂျူဂျူးက  သူအဖေနှင့် သိပ်တူသည်။ အင်မတန် အတတ်ဆန်းချင်သည်။ အန်တီဆွိကလဲ  ကွန်ပြူတာ ကြည့်နေရင်းကနေ မထချင်တော့ စိတ်ထဲ ကြိတ်ဝမ်းသာသွားသည်။  အဲဒါဆို မေမေ အဲလို မခွဲတတ်ဘူး။ သမီးအဖေကို ခွဲခိုင်းလိုက်လေ ဆိုတော့ ဦးမောင်ခြိမ့်မှာ သူလက်စွမ်းပြဖို့ အချိန်ရောက်ပြီဆိုသည့် စတိုင်မျိုး လက်ခမောင်း တခတ်ခတ်၊ ဖင်တကျွကျွရှိလှသည်။ ဖေဖေခွဲတာ ဂျူဂျူလဲကြည့်ချင်တယ်ဆိုကာ သားအဖ၂ယောက် မီးဖိုချောင်ထဲ ၀င်သွားကြသည်။ ထိုမတိုင်မီ  ဦးမောင်ခြိမ့်မှာ တွေ့လား သူ့သမီးက အဲသလိုခွဲတာမျိုးမှ ကြိုက်တာဆိုသည့် အချိုးမျိုးဖြင့်  လူကို ကြည့်သွားသေးသည်။ 

ပြန်ထွက်လာတော့ မဂျူဂျူတို့ သူ့အဖေ ဂျေမီ အိုလီဗာ ခွဲနည်းအတိုင်း ခွဲထားသည့် သရက်သီးကို  ကျေကျေနပ်နပ်ကြီး စားနေလေသည်။ သရက်သီးက ဒီလိုခွဲရတာ။ ဒီလိုခွဲတာ စားလို့ပိုကောင်းတယ် ဆိုကာ ပြောနေပြန်တော့ သူ့အဖေက ဘယ့်နှယ့်ရှိစ ဆိုသည့် မျက်နှာပေးနှင့် သူ့သမီးစားတာကို ကြည့်ကာ ကျေနပ်နေသည်။ ဘာစားစား ကြောင်စာလို နည်းနည်းလေးသာစားတတ်သည့် ဂျူဂျူသည် ထိုနေ့ညက သူ့အဖေ ဂျေမီကိုမောင်ခြိမ့် ခွဲပေးသည့် သရက်သီးအလုံးကြီးကို တစ်လုံးလုံး ကုန်အောင်စားလေသတည်း။ 

ဦးမောင်ခြိမ့်တို့ အဲဒီအခါမှ ၀မ်းနည်းပက်လက်သံကြီးနဲ့ ပြောလိုက်တာက ...

"ဟမ်မလေး ငါ့သမီးရယ် ... ညည်းနဲ့မှပဲ အဖေ့မှာ စိတ်ချမ်းသာတော့တယ် ...   နေ့လည်တုံးကများ သရက်သီးကို အဲလိုခွဲမိလို့ ညည်းအမေ ငါ့ကိုပြောတာ ပိုးစိုးပက်စက် ... ရစရာမရှိဘူး..."

အန်တီဆွိမှာ ဦးမောင်ခြိမ့်ပြောပုံကို သဘောကျ၍ တဟားဟားရယ်ရင်း သူတို့သားအဖ၂ယောက် သူ့အရပ်နှင့် သူ့ဇာတ် အဆင်ပြေနေပုံကြည့်ကာ ကျေနပ်နေလေတော့သတည်း။    ။

(ပုံအချို့ကို google မှ ယူပါသည်။ Credit to original up-loader )

Friday, October 19, 2012

ဆီချက်ခေါက်ဆွဲ ချက်နည်း နိဿရည်း ...

ပြီးခဲ့တဲ့ ပို့စ်မှာ ဆီချက်ခေါက်ဆွဲနဲ့ ဒန်ပေါက်ကို အားပေးကြတဲ့ သူတွေများလို့ ဆီချက်ခေါက်ဆွဲချက်နည်းလေး ရေးပေးလိုက်ပါသည်။ ဒန်ပေါက်ကတော့ နောက်တစ်ခါချက်ဖြစ်ရင် အတိုင်းအတာတွေ သေချာမှတ်ပြီး ဓာတ်ပုံရိုက်ပြီးမှ တင်ပေးပါမည်။

ဆီချက်ခေါက်ဆွဲဆိုတော့ အရင်ကချက်တာ ဝက်သားကို နူးနေအောင် ပြုတ်လိုက်တော့ လှီးလိုက်ရင် ဝက်သားတွေက အသားတွေ ဖွာထွက်ကုန်တယ်။ ခုတော့ ဟိုတစ်လောက ထမင်းကြော်ကို တရုတ်ဆိုင်ကြော်လေးအတိုင်းဖြစ်အောင် ကြော်စားရင်းနဲ့ အကြံရသွားတာ။ ထမင်းကြော်မှာထည့်တဲ့ ဝက်သားကလဲ အိပေမဲ့ ကျစ်ကျစ်လေး၊ ဖွာမနေဘူး။ နောက်မှသိရတာ သူတို့က ဝက်သားကို မပြုတ်ပဲ တရုတ်လို ချာစူး (char siu) လို့ခေါ်တဲ့ ဝက်သားကို ကင်ပြီးမှ ထည့်တာကိုး။ ခု ဆီချက်ခေါက်ဆွဲထဲ ထည့်တဲ့ ဝက်သားကိုလဲ မပြုတ်ပဲ အိမ်မှာရှိတဲ့ convection oven လေးနဲ့ကင်ပြီးမှ လုပ်ကြည့်တာ ဆိုင်က ဆီချက်အတိုင်း တစ်ပုံစံထဲရပါသဗျာ။

convection oven ဆိုတာ အောက်ကလို ပုံစံလေး။ အိမ်မှာ oven အကြီးရှိပေမဲ့ ဒါလေးက သုံးရလဲလွယ် မြန်လဲ မြန်လို့ ပိုသုံးဖြစ်တယ်။ စလုံးက အိမ်ရှင်မတွေ အိမ်မှာ ကြက်သားတွေ ဘာတွေ ကင်စားချင်တယ်ဆို အဲဒါလေး ဝယ်ထားပါလို့ အကြံပေးချင်ပါတယ်။ သုံးရတာ အရမ်းလွယ်တယ်။  ဈေးလဲ ပေါပါတယ်။ ဟိုတစ်လောက Aldi မှာတွေ့ခဲ့တာ အော်ဇီ ဖွတ်ကလိဒင်္ဂါး ၂၅-၃၀ လောက်ပဲရှိတာ။ အိမ်ကမီးဖိုကတော့ အော်ဇီ ရောက်စ အိမ်တက်လုပ်တုံးက သူငယ်ချင်းတွေ လက်ဆောင်ပေးထားတာပါ ခင်ညာ။ အဲဒီတုံးက ဈေးတော်တော်ကြီးမယ်ထင်နေတာ။ စစချင်း သုံးတောင်မသုံးတတ်ဘူး။ ၆လလောက်နေမှ စသုံးဖြစ်တာ။ သုံးပြီးတော့လဲ ကြိုက်လွန်းလို့ ခဏခဏ သုံးဖြစ်နေရောပဲ။



  ဆီချက်ခေါက်ဆွဲအတွက် လိုတဲ့ ပစ္စည်းတွေက ( လူ ၃-၄ယောက်စာခန့်)

ဝက်သား ၄၀၀ ဂရမ်ခန့်
ဝက်ရိုး / ကြက်ရိုး ၅၀၀ ဂရမ်ခန့် (ကြက်ရိုးက ဝက်ရိုးထက် ပိုချိုတယ်၊ အန်တီဆွိကတော့ ၂ခုလုံးရောပြုတ်တယ်)
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည် အကြည်ရည်
ငရုပ်ကောင်းမှုန့် (white pepper)
 ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
သကြား၊ ဆား၊ ကြက်သားမှုန့်

အချဉ်အတွက်
သခွါးသီး တစ်လုံး
ကြက်သွန်နီတစ်လုံး
ငရုပ်ဆီ
မန်ကျည်းမှည့်ရည် (သို့) သံပုရာသီး ။ သံပုယိုသီး


လူ ၃-၄ ယောက်စာလောက်ဆို ဝက်သား အသားများများအပိုင်း ၄၀၀ ဂရမ်လောက်ကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊  ကြက်သားမှုန့်၊ ငရုပ်ကောင်းတွေနဲ့ သုတ်နယ်ပြီး ဆားပြားဝင်အောင် ရေခဲသေတ္တာ အောက်ခန်းထဲ တစ်ရက်လောက် ဒီတိုင်းပစ်ထားလိုက်။ ပြီးမှ စောနက convection oven ထဲ သံစကာအမြင့်လေးတင်ပြီး ကင်လိုက်တာပဲ။ အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ်လောက် နဲ့ တစ်ဖက်ကို ၄၅မိနစ်၊ နောက်တစ်ဖက်ကို  ၂၅မိနစ်လောက် ကင်ပေးရပါတယ်။ မီးဖိုက timer ပါတော့ ပစ်ထားလိုက်ရုံပဲ။ အသံကြားရင် တစ်ဖက်လှန်ပေးလိုက်။ လွယ်မှလွယ်။

ပြီးတော့ အဲဒါကို အေးဆေး တစ်ပတ်လောက်ထားလို့ရပါတယ်။ ထမင်းနဲ့ ကြော်စားရင်စား၊ ဆီချက်ခေါက်ဆွဲချက်ရင်ချက်၊ ထမင်းဖြူလေးနဲ့အနှစ်လေးဆမ်းပြီး ဝက်ခေါက်ကင်လို စားချင်လဲ စားလို့ရသေးတယ်။ ရေခဲသေတ္တာ အောက်ခန်းထဲ ပလပ်စတစ်ဗူးလေးနဲ့ ထည့်ထားလိုက်တာပဲ။ ဆီချက်ခေါက်ဆွဲ ချက်တော့မယ်ဆိုမှ ထုတ်ပြီး သေးသေးလေးတွေ လှီးထားပါတယ်။

လှီးရတာ ကောင်းတယ်။ လုံး၀ ဖွာမထွက်ဘူး။ အသားလဲ အိတယ်။



ကြက်သွန်ဖြူကိုလည်း ဥကြီး ၂ဥခန့် ထောင်းပြီး၊ ဒါမှမဟုတ် blander နဲ့ မွှေပြီး ဆီချက်ချက်ထားပါတယ်။ အန်တီဆွိ အလွယ်ကြိုက်ပုံများ ကြက်သွန်ဖြူဥကြီးတွေကို မနွှာပဲ ဒီတိုင်းထည့်ထောင်းပြီး နောက်မှ အခွံတွေ ဖယ်ထုတ်တာ။ မြန်မှမြန်။ ဟိုးခေတ်တုံးကလို  ချွေးမရွေးမယ်ဆိုရင်တော့ အန်တီဆွိ ခုချိန်မှာ အပြိုကြီး  င်္ဟီး ..ဟီး

(တရုတ်စာဆိုတော့ ကြက်သွန်ဖြူဆီချက်ကို ဆနွင်းမှုန့် လုံးဝမထည့်ပါနဲ့နော်။)

ဝက်ရိုး၊ ကြက်ရိုးတွေကို ဂျင်းအပြားလိုက် ၃-၄ပြား၊  ကြက်သွန်ဖြူ အလုံးလိုက် မနွှာပဲထည့်ပြုတ်ပြီး သကြား၊ ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့နဲ့ ချိုအောင်လုပ်ထားပါတယ်။ ဟင်းချိုတစ်ဝက်ကို  အရည်ချည်း သတ်သတ်သောက်ဖို့ စကာနဲ့ စစ်ထားလိုက်ပြီး ခွဲထားပါတယ်။ တစ်ဝက်ကတော့ ခေါက်ဆွဲထည့် ဖျောဖို့ပါ။
တစ်အိုးက မိထူးဖို့ ... တစ်အိုးက ကစ်ဆစ်ဖုဖို့
 

ဆီချက်ခေါက်ဆွဲ လုပ်တဲ့နေရာမှာ သုံးတဲ့ခေါက်ဆွဲကလဲ အရေးကြီးပါတယ်။ အန်တီဆွိကတော့ ပြုတ်တဲ့ ခေါက်ဆွဲပဲသုံးပါတယ်။ အုန်းနိူ့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်တွေကတော့ ခေါက်ဆွဲ အစိမ်းနဲ့ ပိုကောင်းပေမဲ့ ဆီချက်ခေါက်ဆွဲကတော့ ပြုတ်တဲ့ ခေါက်ဆွဲ ခြောက်နဲ့ ပိုကောင်းပါတယ်။

အန်တီဆွိသုံးတဲ့ တံဆိပ်ပါ။ ထိုင်ဝမ်ကလာတာ Kan To Noodle တဲ့။ ဒီမှာတော့ တစ်ထုတ် ၂ကျပ်ခွဲလောက်ပဲရှိတယ်။ အဲဒါတစ်ထုတ်ဆို သားအမိ သားအဖ ၃ယောက် တစ်နပ်စာ ကွက်တိပဲ။

အဲဒီလို ခေါက်ဆွဲတွေက ရေစိမ်စရာလုံးဝမလိုပဲ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ရတာပါ။ ခေါက်ဆွဲကို အရမ်းအိနေအောင်မပြုတ်ပဲ နဲနဲလေး မာတုံး မီးဖိုကချ၊ ရေစစ်ပြီး ရေအေးများများနဲ့ ဆေးချပါ။  ပြီးရင် ခေါက်ဆွဲတွေ ထွေးပြီး ကပ်မသွားအောင် ဆီချက်လေးတစ်ဇွန်းလောက်ထည့်ပြီး နယ်ထားလိုက်ပါ။ အဲဒါတွေအကုန်လုံး ကြိုလုပ်ထားလို့ရပါတယ်။ အန်တီဆွိဆို အပေါ်ကဟာတွေအကုန်လုံး  ညနေ ဦးခြ်ိမ့်ပြန်မှစားမှာကို မနက်ကတည်းက လုပ်ထားတာဂျ။

စားခါနီး ပွဲပြင်ဖို့အတွက် ခေါက်ဆွဲ နှစ်ဖို့ ဟင်းချိုအိုးကို ပွက်နေအောင် အရင် တည်ထားလိုက်ပါတယ်။
တချိန်တည်း ပွဲပြင်ဖို့ ပန်းကန်တစ်လုံးထဲကို ဟင်းချိုလေး စားပွဲဇွန်း တစ်ဇွန်းလောက်၊ ဆီချက်လေး စားပွဲဇွန်း တစ်ဇွန်းခွဲလောက်၊ ပဲငံပြာရည် အကြည်ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်၊ ပိုချိုချင်ရင် ကြက်သားမှုန့်လေး အနည်းငယ်ကို ထည့်ပြီး မွှေထားပါ။

ပြီးမှ ဆူပွက်နေတဲ့ ဟင်းချိုရည်ထဲကို ခေါက်ဆွဲ(ပြုတ်ပြီးသား)ကို ဇကာနဲ့ နှစ်ပြီး စိတ်ကြိုက်ခေါက်ဆွဲ အပျော့အမာရပြီဆို  စောနက ပွဲပြင်မဲ့ ပန်းကန်ထဲထည့်ပြီး တူလေးနဲ့ အသာ မွှေပေးပါ။  ပြီးရင် အပေါ်က ဝက်သားတုံးလေးတွေရယ်၊ ဆီချက်က ကြက်သွန်ဖြူအကြွပ်လေးတွေရယ်၊ ငရုပ်ကောင်း ကြက်သွန်မြိတ်တွေ ဖြူးပြီး စားနိူင်ပါပြီ။ နှစ်တဲ့ ဟင်းချိုရည်ကိုက ချိုနေတော့ ဆီချက်ခေါက်ဆွဲက တော်တော်ကို အရသာရှိပါတယ်၊ ချိုပါတယ် ခင်ည။


အချဉ်အတွက်ကတော့ သခွါးသီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုပ်ဆီရယ်၊ မန်ကျည်းမှည့်ရည် (သို့) သံပယိုသီး/ သံပုရာသီးလေး ဆမ်းလိုက်တာပဲ။

ဟင်းချိုရည် ခွဲထားတာကိုလည်း ပူအောင် နွှေးလိုက်ပြီး ငရုပ်ကောင်း၊ ကြက်သွန်မြိတ်လေးဖြူးပြီး ဆီချက်ခေါက်ဆွဲနဲ့ စားဖို့ ပြင်လိုက်ပါဦး။

ကဲ သုံးဆောင်နိူင်ပါပြီ။ ဆိုင်က ဆီချက်ခေါက်ဆွဲ အတိုင်းပါပဲ ။

Wednesday, October 17, 2012

အန်တီဆွိ ဆားချက်ခြင်း ..


အကြံကုန် ဂဠုန်ဆားချက်တဲ့။ အန်တီဆွိတစ်ယောက်လည်း ဘလော့ဂ်မှာ ဘာရေးရမလဲ စဉ်းစားမရတာနဲ့ ပုံလေးတွေ တင်ပြီး ဆားချက်လိုက်ပါတယ်။ အားပေးကြပါဦးဂျာ။

ဟုတ်ပါတယ်။ ဂျူဂျူလေးနဲ့ မာရီလင်မွန်ရိုးပါ။ ဆစ်ဒနီက မဒမ်တူးဆော့ပြတိုက်မှာ ဖြစ်ပါတယ်။


ဘုန်းကြီးကျောင်း ၀ါဆိုသင်္ကန်းကပ်ပွဲတုံးက ဘုန်းဘုန်းတွေအတွက် ပွဲပြင်ထားတာ ဖြစ်ပါတယ်။ တစ်အိမ်တစ်ခွက်နဲ့ ဟင်းခွက်ပေါင်း ရာချီမလားပဲ။


 ကျောင်းက လေ့လာရေးခရီမှာရိုက်လာတဲ့  ဂျူဂျူလေးရဲ့ လက်ရာပါ။ အမေအရင်က ကိုင်တဲ့ ကင်မရာ အဟောင်းလေးကို ပေးထားတာ ကင်မရာကို ကောင်းကောင်းသုံးတတ်နေပါပြီ။

ဂျူဂျူလေး chicken wing စားပုံ ပါခင်ည။  အလယ်ကအသားလေးတွေပဲ ဖောက်စားထားတာ။ သူတစ်ယောက်တည်းတင်လားဆိုတော့  မဟုတ်ဘူးခင်ည။ ဟိုတစ်လောက ရက်စ်တောရန့်မှာ chicken wing မှာ စားကြတော့ ခလေးတွေတော်တော်များများ အဲယိုရေးတွေပဲ စားကြသဗျ။ အမေတွေက နှမြောတော့ သူတို့အကျန်လေးတွေ ရှင်းရတာ။

အန်တီဆွိချက်တဲ့ ဒန်ပေါက်။ ပထမဆုံး ချက်တာဆိုပေမဲ့ ရန်ကုန်က ကြက်လျှာစွန်းတို့ ရွှေညောင်ပင်တို့ အရသာအတိုင်းပဲ ။ ဟဲဟဲ။ ချက်တုံးက ဓာတ်ပုံတွေ သေချာ မရိုက်ထားလို့ နောက်တစ်ခါချက်မှ ချက်နည်း ရေးပေးပါဦးမည်။

ကျွနုပ်တို့၏ရွှေဘ ၊ ဘဇာကို သဘောကျလို့ ဒီလောက်တောင်ရယ်နေရသတုံး။



တစ်ခုသော picnic မှာပေါ့ဗျာ။ ၃ကျပ်တန် ဦးထုတ်ကြီးနဲ့ ပဲပေးနေတာ အဒူတုံး။

အန်တီဆွိတစ်ယောက် ဘာတွေ အလုပ်ရှုပ်။


အိမ်က နှင်းဆီပင်မှာ ပိုးကောင်လေးတွေ တက်နေတာ။ ပိုးသတ်ဆေးတွေ ရှိပေမဲ့ သတ်လဲ မသတ်ရဲ။ အညွန့်တိုင်းမှာ အဲလို တက်နေတာ။

ဘုရားတကာ ကိုကိုခြိမ့်

ဆီချက်ခေါက်ဆွဲကို ဆိုင်ကအတိုင်း တစ်ပုံစံတည်းတူအောင် ချက်တတ်နေပါပြီ။
သမီးကျောင်းအကြို မြက်ခင်းထဲမှာ အလေ့ကျပေါက်နေတဲ့ ပန်းသေးသေးလေးတွေကို အနီးကပ်ဆွဲထားတာ။ 

အန်တီဆွိ ငယ်ငယ်က ပုံလေးတစ်ပုံကို photo funia နဲ့ ဖန်တီးထားတာပါ။
ဒါက ဂျူဂျူလေး
စင်္ကာပူမှာတုံးက စက္ကူ စတားလေးတွေ ချိုးကြတာ ခေတ်စားလိုက်သေးတယ်။ ဂျူဂျူက ကျောင်းကနေ ရောင်စုံ စာရွက်လေးတွေ ၀ယ်လာ။ အမေက ခေါက်။

ဦးခြိမ့် ရွှေတိဂုံဘုရားတက်တဲ့ စတိုင်။

ဂျူဂျူနဲ့ ၀မ်းကွဲညီမတွေ။
Sydney Opera House မှာ ...

အန်တီဆွိ ဂိုက်ပေးကြမ်းနေပုံပါ။

ဒါကတော့ bonus
အရမ်းရယ်ရတယ်။ သဘောကျတယ် သမီးရှင်တွေ ကြည့်ကြဦး။
(Credit to original uploader)