Friday, September 9, 2011

ဆရာမများသပိတ်မှောက်၊ အမေများ ပေါက်ပေါက်ဖောက်သောနေ့

ယနေ့ ကြာသပတေးနေ့ ဂျူဂျူလေးတို့ကျောင်းပိတ်သည်။ ဟောလီးဒေးလဲ မဟုတ်ပါပဲ၊ ရုတ်တရက်ကြီး ပိတ်ခြင်းဖြစ်ရာ အံ့သြနေသည်။ ဟိုနေ့ကတည်းက ဂျူဂျူကျောင်းကပြန်လာတော့ သူတို့ အတန်းပိုင်ဆရာမ၂ယောက်ရှိရာ တစ်ယောက်က နာနီနေမကောင်း၍ တစ်ပတ်ခွင့်ယူထားသည်ဆိုသည်။ နောက်တစ်ယောက်ကလည်း Government meeting ဆိုလား သွားစရာရှိသည်ဆိုရာ ပထမ စိတ်ထဲမှာထင်သည်က ဆရာမ၂ယောက်စလုံးမအား၍ အတန်းထိမ်းမည့်သူမရှိသောကြောင့် သူတို့တစ်တန်းထဲ ပိတ်မည်ဟု။ နောက်နေ့မှ အကြောင်းစုံသိရသည်မှာ New South Ways (NSW) ပြည်နယ်မှ ဆရာ၊ဆရာမတွေ Strike လုပ်သောကြောင့် ထိုပြည်နယ်မှ ကျောင်းများအားလုံး ပိတ်ခြင်းဖြစ်သည်။ လစာတိုးသည့်ကိစ္စနှင့် ပတ်သတ်ပြီး ဆရာ၊ဆရာမများ အစည်းအရုံးမှ မကျေနပ်၍ 24 hrs stopwork meeting(24နာရီ အလုပ်မလုပ်ပဲ) သပိတ်မှောက်သည်ဆိုသည်။ ဆရာမသွားမည့် meeting ဆိုသည်မှာ လက်စသတ်တော့ stopwork meeting (သပိတ်မှောက်ဖို့ စုရုံးခြင်း)ပင်ဖြစ်ပေတော့သည်။

မဆွိတီမှာ ဤနိုင်ငံမျိုးတွင် "Strike" ဆိုသောစကားကို ကြားရသည်တွင် တော်တော် အံ့သြသွားသည်။ စင်္ကာပူတွင် နေခဲ့သော ၁၃နှစ်ကာလလုံး မကြားခဲ့ရသောစကား ပြန်ကြားရသောအခါ အထူးအဆန်းလိုဖြစ်နေသည်။ ဒီလိုအစစပြည့်စုံ လူ့အခွင့်အရေးတွေ အပြည့်ရနေသောနိုင်ငံတွေင် ဘာများ သပိတ်မှောက်စရာ ရှိသတုံးပေါ့။ နောက်တော့ ထပ်ကြားရသည်မှာ သူတို့ strike လုပ်မည့်ကိစ္စကို အစိုးရက လက်မခံ။ ထို့ကြောင့် ကျောင်းတွေ ပြန်ဖွင့်မလို ကြားပြန်သည်။ နောက်တော့ သပိတ်ဆက်မှောက်ကြသည် ကြားပြန်သည်။ ဟုတ်မဟုတ်တော့ မသိ။ သပိတ်မှောက်ရာ topic ကတော့ ပြောင်းသွားသည်ဆိုသည်။ တော့ပစ်အသစ်က သူတို့ သပိတ်မှောက်သည်ကို ဘာကြောင့် လက်မခံ ပယ်ချရသနည်း၊ ဘာကြောင့်သပိတ်မှောက်ခွင့်မရှိသနည်း ဆိုကာ ဆက်လက်သပိတ်မှောက်ကြပြန်သည်ဆိုသည်။ သူတို့ သပိတ်မှောက်သည်ကလဲ ကျောင်းက အပတ်စဉ်ထုတ် News letter ထဲတွင်ပင် ထည့်ရေးထားရာ အော် ဒီနိုင်ငံမှာ သပိတ်မှောက်တာတောင် တရားဝင်လိုလို ခပ်တည်တည်ကြီးပါလားဆိုပြီး အမိမြေကိုပင် ပြန်ပြောင်း သတိရသွားပါသည်။


Teachers protest NSW wage law သတင်းလင့်ခ်



ကဲ အချီးကပင် တော်တော်ရှည်သွားပါပြီ။ ကျောင်းပိတ်တော့ ဂျူဂျူလေးက သူ့သူငယ်ချင်းမလေး ၂ယောက်နှင့် အိမ်မှာ စာအတူလုပ်၊ ကစားချင်သည်ဆိုသည်။ ဂျူဂျူလေးသည် စင်္ကာပူတွင်နေခဲ့သည်တွင် အိမ်နီးနားချင်း ဗမာလူမျိုး အလွန်ပေါလေသည်။ ဦးခြိမ့်တို့သူငယ်ချင်းတွေ တစ်ရပ်ကွက်ထဲစုနေကြရာ အိမ်နားက သူ့အဖေသူငယ်ချင်းတွေရဲ့ သမီးတွေနှင့် ညနေတိုင်းတွေ့ကာ ကစားနေကျဖြစ်သည်။ ဒီရောက်တော့ စနေတစ်ရက်သာ ဘုန်ကြီးကျောင်းမှာ ဗမာခလေးများနှင့် ဘုန်းကြီးစာသင်ရ ဆော့ရပါသည်။ ကြားရက်များတွင် ကစားစရာ အဖော်မရှိနှင့် အဖော်အလွန်ငတ်လေရာ သမီးကို သနားသည်နှင့် သူတို့ကို အိမ်လာလည်ဖို့ ဖိတ်လိုက်သည်။ ပထမတစ်ယောက်မှာ စင်္ကာပူမှ မကြာသေးခင်ကမှ ပြောင်းလာသော စလုံးတရုတ်မလေး။ နာမည်က Amber တဲ့။ နောက်တစ်ယောက်ကတော့ အဲဒီကောင်မလေးမရောက်မီက ဂျူဂျူရဲ့ best friend ပြည်ကြီးတရုတ်မလေး Marie ဆိုသူဖြစ်သည်။ နောက်ပိုင်း စင်္ကာပူမှလာသူအချင်းချင်း ပိုတွဲဖြစ်ကြရာ ယခုတော့ စလုံးမလေးက best friend ဖြစ်ကာ၊ တရုတ်မလေး Marie ကတော့ Second best friend အဖြစ် ရာထူးကျသွားလေသည်။ ဂျူဂျူတို့ နောက်ထပ် ဘာပြောင်းဦးမည်မသိသေး။ စင်္ကာပူမှာတုံးကလဲ သူ့ best friend များက တစ်နှစ်ပတ်လုံးပြောင်းနေရာ သိပ်တော့ မထူးဆန်းလှပါ။

ဂျုဂျုနှင့် သူငယ်ချင်းများ (ဂျင်းအင်္ကျီလေးနှင့်က Marie, ဘီးကုတ်အဖြူလေးက Amber ဖြစ်ပါသည်)

ခလေးတွေက သူငယ်ချင်းတွေဆိုတော့ ကျောင်းသွားကျောင်းပြန် မြင်ဖူးနေရာ အမေတွေပါ ခင်သွားကြသည်။ စင်္ကာပူမှလာသော Amber တို့အမေမှာ အလွန်ပင် ဆိုရှယ်ကျသူဖြစ်သည်။ စိတ်ရင်းစိတ်ထားလဲ ကောင်းပုံရသည်။ မဆွိတီတို့လိုပင် စကားပြောရတာ ပွင့်ပွင့်လင်းလင်းနှင့် စိတ်ထဲဘာမှထားပုံမရ၊ ခင်ဖို့ကောင်းပါသည်။ သူ့ပုံစံက ပါးပါးလျှပ်လျှပ်ရှိကာ ဘယ်အရာမဆို နားမျက်စိတွေဖွင့်ထားကာ ချက်ဆို နားကွက်က မီးတောက်ဆိုသလိုပုံမျိုး ဖြစ်သည်။ ယခင်က အထက်တန်းပြဆရာမလုပ်ခဲ့ရာ အလွန်ပင် ထက်မြက်ပုံလဲရသည်။(ယခုတော့ အလုပ်မလုပ်တော့ပဲ မဆွိတီလိုပဲ full time အိမ်ရှင်မလုပ်ကာ သမီးလေး၂ယောက်ကိုသာ စောင့်ရှောက်နေသည်။ ယောက်ျားကလဲ Oversea မှာ အလုပ်လုပ်ရသည်ဖြစ်ရာ ၄လနေမှသာ တစ်ခေါက် ပြန်လာသည်ဆိုသည်။ ) သူ ဆစ်ဒနီရောက်သည်မှာ ၂လသာဆိုသည်၊ အနီးပတ်ဝန်းကျင် နေရာ တော်တော်များများ၊ အခေါ်အဝေါ်များကို သူသိနေသည်၊ ရင်းနှီးနေပြီ။ မဆွိတီတို့လို အူတူတူ ယောင်လည်လည်မဟုတ်။ ကျောင်းမှ ခလေးအမေတော်တော်များများနှင့်လည်း ခင်မင်နေသည်။ သူသည် ရောက်စဖြစ်၍ နေပယ်အသစ်မှာ တစ်ယောက်တည်း အထီးမကျန်လို၊ အပေါင်းအသင်းရှာနေသူလည်း ဖြစ်ပုံရသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကပင် ဂျူဂျူနှင့်ကစားရအောင် သူ့သမီးလေးတွေနှင့် အိမ်လာလည်ကာ စင်္ကာပူက လာသူအချင်းချင်း စကားလက်ဆုံကျကြသေးသည်။ မဆွိတီက ကားမရှိသူဖြစ်ရာ နေ့လည်နေ့ခင်း သွားလိုရာပြောပါ၊ သူကားနှင့်လာခေါ်မည်ဟုပင် ပြောလေသည်။

တရုတ်မလေး Marie တို့ အမေကလဲ အိမ်နားတွင်နေသူဖြစ်ရာ ကျောင်းသွားကျောင်းပြန်မြင်ဖူးကာ နှုတ်ဆက်နေကျဖြစ်သည်။ ပထမ မသိခင်ကတော့ ခပ်တည်တည်နေသူဖြစ်ပြီး စတင်နှုတ်ဆက်သည့်နေ့မှစ၍ လမ်းတစ်လျှောက်စကားကို အဆက်မပျက်ပြောသူဖြစ်သည်။ စကားအနည်းငယ်များသော်လည်း ကူညီတတ်သူဖြစ်သည်။ သူ့တွင်လဲ သမီး၂ယောက်ရှိရာ သမီးအကြီးလေးက ၉တန်း (year 9) ပင်ရောက်နေပေပြီ။ Marie ကိုမွေးတော့ အလုပ်ကထွက်ကာ ယခုအချိန်ထိ full time အိမ်ရှင်မ ဘ၀ဖြင့် သမီးအငယ်ကို စောင့်ရှောက်နေခြင်းဖြစ်သည်။

မနက် ၁၁နာရီ အိမ်ကို လာကြဖို့ ချိန်းထားရာ ၁၁နာရီခွဲလောက်မှာ ရောက်လာကြသည်။ မဆွိတီက သူတို့အတွက် ဗမာအစားအစာ အုန်းနို့ခေါက်ဆွဲချက်ထားသည်။ Amber ညီမလေးကလဲ အဖော်မရှိတော့ အစ်မသူငယ်ချင်းတွေနှင့်ပေါင်းကာ ဆော့ရာ သူတို့ ၄ယောက်ဖြစ်သွားသည်။ ရောက်ရောက်ချင်း အိမ်စာ စာအုပ်တွေထုတ်ကာ အိမ်စာတွေ အရင်လုပ်ကြသည်။ မဆွိတီစိတ်ထဲမှာ အမေများသည် ခလေးများကို အပ်ခဲ့ပြီး သူတို့အိမ်ပြန်မည်ထင်နေရာ၊ သူတို့၂ယောက်ကို မိတ်ဆက်ပေးပြီးသည်မှစ၍ ၂ယောက်အဖွဲ့ကျသွားရာ တရုတ်လို ကွိကွိကွကွနှင့် ငယ်သူငယ်ချင်းတွေ ပြန်တွေ့သည့်အလား စကားလက်ဆုံပြောမကုန်တော့ပါ။ နောက်တော့ အမေတွေကို နောက်ဖေးမှာ အုန်းနို့ခေါက်ဆွဲ အရင်ကျွေးပြီးဧည့်ခံသည်။ ကျွေးပြီး ပြန်မည်ထင်ထားရာ အမေများမှာ အိမ်ပြန်လည်း တစ်ယောက်တည်း ပျင်းနေမှာစိုးလို့လား၊ သမီးများကို စိတ်မချလို့လား၊ ဒါမှမဟုတ်မဆွိတီ တစ်ယောက်တည်း ထိမ်းရမည်ကို အားနာလို့လားမသိ မပြန်ကြပြန်ပါ။

အမေများပေါက်ပေါက်ဖောက်ရာ နေရာဖြစ်ပါသည်။ အမေများပုံတော့ အားနာ၍ မရိုက်လိုက်ပါ။

သူတို့ပြောနေရာ ကိုယ်ပါဝင်ထိုင်တော့ အင်္ဂလိပ်လို ပြောင်းပြောကြရာ တော့ပစ်တွေ အမျိုးမျိုးပြောင်းကာ တစ်ခုပြီးတစ်ခုပြောကြတော့သည်။ ကျောင်းက ခလေးတွေ အကြောင်း (သူတို့၂ယောက်သည် ဂျူဂျူတို့ အတန်းထဲမှ ခလေး တစ်ယောက်ချင်းစီ၏ နာမည်များကို သိကာ ပြောနေကြခြင်းဖြစ်သည်။ မဆွိတီကား သမီးရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုသူ ၂ယောက်သာ သိရာ သူတို့ကို အံ့သြမိပေသည်)၊ အိမ်မြေဈေးတွေ အကြောင်း၊ အိမ်ပြောင်းသည့်အကြောင်း၊ ကျောင်းက ဆရာမတွေ အကြောင်း၊ ရှော့ပင်းစင်တာတွေ အကြောင်း၊ ဘတ်စ်ကားတွေအကြောင်း၊ ခလေးတွေ ပီယာနိုသင်တန်းအကြောင်း၊ ရေကူးသင်တန်းအကြောင်း စုံသမှ၊ စုံပလုံစိ ပါးစပ်များမှ အမြှုတ်ထမတက် ပေါက်ပေါက်များဖောက်သလို ပြောကြပါတော့သည်။ မဆွိတီကား စကားနည်းသူဖြစ်သည်ကတစ်ကြောင်း၊ တစ်ချို့ တော့ပစ်များကို ကိုယ်မလိုက်နိုင်သည်က တစ်ကြောင်း သူတို့ပြောသည်များကို "Oh, I see ..." "Is it ...?" အစရှိသဖြင့်သာ စကားထောက်ပေးနိုင်ပါသည်။ ဒီကြားထဲ ပြည်ကြီးတရုတ်မ အမေသည် ပြည်ကြီးတရုတ် accent နှင့် အော်ဇီ accent ရော၌ ၀ဲနေရာ နားလည်အောင်ပင် မနည်းနားထောင်နေရပါသည်။ ကောင်းသည်မှာ သူသည် မဆွိတီတို့ ၃ဦးအနက် ဆစ်ဒနီကို အစောဆုံးရောက်သည်ဖြစ်ရာ ကိုယ်မသိတာ မတတ်တာ ဘာမေးမေး မခြွင်း၊ မချန် စိတ်ရှည်ရှည်ဖြင့် ဖြေကြားပေးရာ အလွန်ပင်အားကိုးရပေသည်။

ရယ်စရာတစ်ခုမှာ မဆွိတီက အိမ်က carpet အခင်းမှာ အမဲစက်တွေ ပေနေရာ အဲဒါတွေ သန့်ရှင်းချင်တယ် ဘယ်လိုလုပ်ရမလဲဆိုတော့ သူ့အိမ်မှာ စက်ရှိတယ်။ ဒါပေမဲ့ ခုတော့ ပျက်သွားပြီဆိုကာ အင်တာနက်ထဲကကြည့်ကာ Multi function vacuum cleaner ဆိုသည်ကို ရှာပေးပါသည်။ carpet ကို ရေနှင့်လည်း လျှော်၍ စုတ်၍ရသော vacuum cleaner ဖြစ်ပါသည်။ ရှာပေးရုံမျှအားမရ ဘယ်ဆိုင်မှာရသည်ဆိုသည်ကိုပင်ပြောပြကာ အကယ်၍ မဆွိတီ ၀ယ်လိုပါက နောက်နေ့ သူနှင့်အတူသွားကြမည်။ မဆွိတီတွင်ကားမရှိရာ ကိစ္စမရှိ။ သူ့မှာကားအသစ်တစ်စီး ၀ယ်ထားတာရှိတယ်။ (သူကတော့ ခုမှကားမောင်းသင်နေဆဲမှို့) မဆွိတီကမောင်း သူကလိုက်ခဲ့မည်ဟုပြောရာ မဆွိတီက တဟားဟားရယ်က ကျေးဇူးတင်ပါကြောင်းပြောရသည်။ မဆွိတီဒီရောက်ပြီး ပထမတစ်လသာ ကားမောင်းသည်။ နောက်ပိုင်းဦးခြိမ့်က ကားကို နေ့တိုင်းရုံးယူသွားရာ ကားမမောင်းဖြစ်သည်မှာကြာပြီ။ ဒီမှာ လမ်းတွေ အရမ်းကျဉ်းတာရော၊ မောင်းစမရှိတာရော သိပ်လဲမမောင်းရဲတော့ပါ။ စင်္ကာပူတွင် နေ့စဉ်ကားမောင်းနေတာတောင် ကား၃ကြိမ်တိုက်ခဲ့ရာ ဒါတွေကို သူကမသိပဲ သူ့ကားအသစ်ကြီးအား မဆွိတီလက် ၀ကွက်အပ်ကာ မောင်းခိုင်းမည်ဆိုတော့ ရယ်ပဲရယ်ချင်ပါတော့သည်။


နေ့လည်၁နာရီလောက်ကျ ခလေးတွေ အုန်းနို့ခေါက်ဆွဲ စားကြသည်။ အရုပ်တွေနှင့် ဆော့ကြသည်။ ကွန်ပြူတာဂိမ်းဆော့ကြသည်။ ပျင်းလာပြန်တော့ 3D TVနှင့် 3D ရုပ်ရှင်ကြည့်ကြသည်။ မယ်မင်းကြီးမများက ရုပ်ရှင်ရုံမှာကြည့်ရသော အရသာမျိုးလိုချင်သည်ဆိုကာ သူတို့အတွက် အအေးထည့်ပေးရသည်။၊ မိုက်ခရိုဝေ့ဖ်နဲ့ ပေါက်ပေါက်ဖောက်ပေးရသေးသည်။ အမေများက ရေနွေးကြမ်းသောက်ချင်သည်ဆိုတော့ ရေနွေးကြမ်းထည့်ပေးရာ သောက်ရင်းပြော၊ ပြောရင်းသောက်ကြတာ ရေနွေး ဓာတ်ဘူး ၃ဘူးကုန်လေသတည်း။ အမေတွေပျင်းနေမှာစိုး၍ ဘာစားစရာရှိလဲ ရှာရာ ဟိုနေ့က စမူဆာလေးတွေ ချိုးထားတာရှိတာ ကြော်ပေးလိုက်ရာ ပြည်ကြီးမှ အမေသည် စားကြည့်ပြီး သူအလွန်ကြိုက်ကြောင်း၊ တစ်ခါမှ မစားဖူးကြောင်း ပြောလေရာ စင်္ကာပူမှလာသူ၂ယောက်မှာ စမူဆာတစ်ခါမှမစားဖူးသူကိုကြည့်ကာ အထူးအဆန်းဖြစ်နေတော့သည်။ ခလေးတွေ ရုပ်ရှင်ကြည့်ပြီးတော့ သူတို့အတွက် chicken nugget တွေကြော်ပေးရာ ခလေးများ ၀မ်းသာအားရ စားကြပြန်ပါသည်။ ၄နာရီလောက်မှာတော့ အမေတွေလဲ ပြောရတာ ပင်ပန်းပြီ၊ ခလေးတွေလဲ ဆော့ရတာ ပင်ပမ်းပြီဆိုတော့ အားလုံးနှုတ်ဆက်ကာ ပြန်သွားကြပါသည်။

မဆွိတီသည် ယခုကဲ့သို့ သမီးမှတဆင့် သူငယ်ချင်း မိတ်ဆွေများ အမှတ်တမဲ့ ရလိုက်ရာ အလွန်ပင် ပျော်မိပါသည်။ အိမ်တွေကလည်း အနီးအနားမှာဖြစ်ရုံမက သူတို့သည်လည်း ပေါင်းရသင်း၍ လက်ပေါက်ကပ်မည့်သူမပါ၊ ၂ယောက်လုံး ပွင့်ပွင့်လင်းလင်းနှင့်၊ ကိုယ်နှင့်စရိုက်တူ ခင်မင်ဖွယ်၊ နှစ်လိုဖွယ်တွေဖြစ်နေရာ ပို၍ပင်ပျော်ရွှင်မိပါသည်။ နောက်မှ စဉ်းစားမိသည်မှာ အနောက်နိုင်ငံပတ်ဝန်းကျင်တွင် ယခုလိုအိမ်နီးနားချင်း ကိုယ့်လူမျိုးအချင်းချင်းတွေ့ဖို့ အင်မတန် အခွင့်အရေးနည်းသည်ဖြစ်ရာ သွေးနီးသော၊ ယဉ်ကျေးမှုချင်းနီးစပ်သော အာရှသူအချင်းချင်း ပိုခင်ကာ ပေါင်းမိကြခြင်းဖြစ်မည်ဟုသာ သဘောပေါက်မိပါတော့သည်။ ။

12 comments:

  1. ခင်ရာဆွေးမျိုးဆိုတာ..အဲဒါမျိုးပေါ့ မမရယ်....ဘယ်နေရာရောက်ရောက်...သူငယ်ချင်းအပေါင်းအသင်းလေးတွေရှိထားတော့ အထီးကျန်ဆန်မနေတော့ဘူးပေါ့...စိတ်ပြေလက်ပျောက်..သူတို့နဲ့စကားပြော...ဈေးဝယ်ထွက်..အတွေ့အကြုံတွေဖလှယ်ရင်း...အထီးကျန်ဖြစ်မနေအောင်ကြိုးစားရတာလဲ ...နိုင်ငံခြားရောက်နေတဲ့လူတွေရဲ့အတွေ့အကြုံဘဲပေါ့...

    ReplyDelete
  2. မိတ်ဆွေတွေရတာဝမ်းသာတယ်နော်

    ReplyDelete
  3. Ko Kyaw Thu's style ending?

    ReplyDelete
  4. ပျော်စရာကြီးပဲ အစ်မရေ။
    နောက်တစ်ခါဆို အားလူးပါ ကြော်ကျွေးလိုက်ဗျာ။
    ပေါက်ပေါက်လည်း ဖောက်ရင် ၊ အားလူးလည်း ကြော်ရင်းပေါ့ :D

    ReplyDelete
  5. အယ် . . .ဟိ .
    အိပ်ရင်းနဲ့ ရေးလိုက်တာ . . အာလူးတွေက အားလူးတွေ ဖြစ်ကုန်ပါရောလား ဟီး။ ကျနော်တို့ကတော့ စကားများများ ပြောတာ ဆိုရင် အာလူးဖုတ်တယ် လို့ ပြောနေကျမို့ ပြောလိုက်တာနော်။

    ReplyDelete
  6. ဘုရားရေ ဂျူဂျူလေးတို့  ဒီလိုအမေမျိုးရတာ ကံကောင်းလိုက်တာ ။
    ကျမ သမီးလေးတော့  ကျမလို အလိုက်မသိ လုပ်မပေးတတ်တဲ့ အမေမျိုးရထားတာ ....ဟင်းးးးးးးးးးးးးး

    ReplyDelete
  7. 3D မျက်မှန် တစ်လက် ထပ်ဝယ်ထားပါဦး တီတီ။ ဧည့်သည်ကလေး ၃ ယောက်ဦးစားပေးရတော့ ဂျူဂျူလေး တူတူမကြည့်ရဘူးပေါ့။ တနေ့တခြား ချောချောလာတယ်။ သူတို့လေးယောက်မှာ ဂျူဂျူက အချောဆုံး ချစ်ဆာအကောင်းဆုံး။

    နောက်တစ်ခေါက်ကျရင် လက်ဖက်သုတ်နဲ့ ရေနွေးကြမ်း ဧည့်ခံလိုက်ပါတီတီ။
    ပြန်တဲ့အခါ ခဏခဏ လာမယ်နော်။ ဂဒီးဂဒီးလာမယ်နော်။ တာ့တာ.. ဖြစ်သွားလိမ့်မယ်။ :)

    PS. ကြက်တောင်ပံမြေအိုးပေါင်း လုပ်ကြည့်တာ အဆင်ပြေ စားကောင်းလို့ ကျေးဇူး။ အဲ.. တခုတော့ရှိတယ်.. ဒယ်အိုးပေါင်း ဖြစ်သွားတယ် :p

    ReplyDelete
  8. ဂျူဂျူးတို့ဇိမ်ကျတယ်ဟေ့.... တီဆွိနောက်ကျရင် သမီးလည်းဂျူဂျူးနဲ့လာဆော့မယ်..စင်ကာပူကနေလေယဉ်ကြီးစီးပြီးလာမယ်.. :P

    ReplyDelete
  9. ပျော်စရာပါလား ဂျူးဂျူးရေ ဘော်ဘော်သစ်သစ်တွေနဲ့ ပျော်နေပြီလားးးးးးးးးးး
    တီတီဆွိတော့ ရေနွေကြမ်း သုံးအိုး နည်းသေးတယ်ဗျးး))

    ခင်မင်တဲ့
    ဘလော့တေလေ seesein

    ReplyDelete
  10. အမေရော သမီးတွေရော မိတ်ဆွေ သူငယ်ချင်းကောင်းတွေ ရနေကြပြီပေါ့.
    တပြည်တရွာမှာ အထီးကျန်နေတာထက် ခုလို မိတ်ဆွေကောင်းတွေရတာ ဝမ်းသာစရာနော်
    အစစအဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။
    လွတ်လွတ်လပ်လပ် သပိတ်မှောက်ခွင့်ရတာ သိပ်ကောင်းတာဘဲ။
    ဘယ်သူ့မှကြောက်စရာမလို

    ReplyDelete
  11. ပျော်စရာကြီး... ခလေးလေးတွေချစ်ဖို့ကောင်းလိုက်တာ

    ReplyDelete
  12. ကျွန်မလည်းဂျပန်မှာနေတော့ ဂျပန်သူငယ်ချင်းတွေရှိပေမယ့်
    အခြားနိုင်ငံခြားသားသူငယ်ချင်းတွေနဲ့ပိုရင်နှီးတယ်။
    သူများနိုင်ငံမှာနေရသူ နိုင်ငံခြားသားဘ၀တူချင်း နားလည်ပေးနိုင်တာလားမသိပါဘူး။

    ReplyDelete