Thursday, September 29, 2011

အမည်သညာ ခေါ်ပုံကား

 မဆွိတီတို့ အဖေနဲ့ အမေများဟာ အင်မတန်ရိုးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခေါ်ဝေါ်ပြောဆိုကြတာတွေကလည်း နူးနူးညံ့ညံ့ ကဗျာဆန်ဆန်တွေ မဟုတ်ပြန်ဘူး။ " ဟေ့ မသန်းစိန်ရေ "တဲ့ ။ အမေကလည်း ... " ဒီမယ် ဦးအုန်းမောင် .." တဲ့။ တစ်ယောက်ကိုတစ်ယောက် နာမည်တွေ တပ်ခေါ်ကြတာပဲ။ အမေက အညာသူဆိုတော့ အဖေနဲ့ စကားပြောရင် ခင်ဗျားက ခင်ဗျားက နဲ့ ကလဲပြောသေးတယ်။ အဲဒါကို နှုတ်ကျိုးတော့ ခများ၊ ခများက အဲလိုပဲကြားနေတာပဲ။ ငယ်ငယ်ကတော့ အဲလိုတွေ ခဏခဏကြားပြီး နားသာယဉ်နေတာ။ ဘာရယ်ပြောနေမှန်း နားမလည်ဘူး။ အမေအဖေ့ကိုပြောတာ တစ်ခြားလင်မယားတွေလို မဟုတ်တာတော့ သိနေတာ။ ကြီးမှ ဒါအညာလေဆိုတာ သိရတာ။ ရန်ကုန်မှာ ဒီလိုပြောသူက အင်မတန်ရှားတာကိုး။

ငယ်ငယ်ကဆို ပိုဆိုးသေး။ အကိုအကြီးဆုံးမွေးလာတော့ အကိုအကြီးဆုံးကို ဂူးဂူး နဲ့အော်လို့ဆို ချစ်စနိုးနဲ့ ဂူးကောင် ဂူးကောင်ဆို နှုတ်ကျိုးနေရော။ အဲဒီမှာ အမေက အဖေ့ကို နာမ်စားပြောရင် "ငဂူးကောင်တို့အဖေကလေ ..." " ငဂူးကောင်တို့ အဖေဘယ်သွားလဲ " အစရှိသဖြင့် ပြောပြောနေတာ ကိုယ်တွေ ၁၀တန်းလောက်ရောက်တဲ့ အထိပဲ။ နောက်ပိုင်းတော့ ငဂူးကောင်လဲ ၁၀တန်းအောင်လို့ ကျောင်းတက် နယ်ဘက် အဆောင်တွေ ဘာတွေနေတော့ အပေါ်က အတိုင်း တစ်ယောက်ကို တစ်ယောက် နာမည်တွေ တပ်ခေါ်တော့တာပဲ။

ကိုယ်တို့လဲ သမီးရီးစားဖြစ်တော့ ကိုကိုတွေ၊ ဆွိလေးရေနဲ့ ခေါ်လာတာ။ လင်မယားဖြစ်တော့ ကိုကိုတွေ၊ ဆွိလေးတွေကနေ မိန်းမရေ၊ ယောက်ျားရေနဲ့ ဇင်ယော်ချိန်ကို ကြည်နူးပြီး ခေါ်ကြပြန်တယ်။ သမီးလေးရလာတော့ အခေါ်အဝေါ်တွေက ပြောင်းပြီ။ သမီးခေါ်တဲ့အတိုင်း လိုက်ခေါ်ရင်းကနေ "အမေရေ" "အဖေရေ" တွေ ဖြစ်ကုန်ကြရော။

အဲလိုကြီး နှုတ်တွေကျိုးနေကြတော့ ရန်ကုန်ပြန်ရင် အတော်ဒုက္ခရောက်တယ်။ သူက "အမေရေ"ဆို ခေါ်လိုက်ရင် ကိုယ်ရော အမေရော ၂ယောက်လုံးက ထူးမိရော။ ကိုယ်က "အဖေ" လို့ခေါ်ရင် " ဟေ " ဆို အဖေရော သူရော ၂ယောက်လုံးက ထူးတော့ ဂွတွေကျကုန်ရော။ "အဖေကလေ" ဆို ဘယ်အဖေကို ရည်ညွှန်းမှန်းလဲ မသိတော့ဘူး။ ရှုပ်ကုန်ရော။ ကိုကိုလို့ ခေါ်ရအောင်ကလည်း ဒီအရွယ်ကြီးကျမှ ဆွေမျိုးတွေရှေ့ ရှက်စရာကြီးကိုး။ သူ့နာမည်အရင်းကြီးကို "ကို" တပ်ခေါ်ရအောင်လည်း ရွာက အဝေးပြေး ကားအသင်းလိုလို နာမည်သုံးလုံးနဲ့ဆိုတော့ ခေါ်ရတာ ရယ်စရာ ဖြစ်နေမှာကိုး။ ပြီးတော့ စကားပြောတိုင်း ဒီနာမည်အရှည်ကြီး ထည့်ထည့်ပြောနေရရင် ရေသောက်ပြီးမှ ပြောရမလို ဖြစ်နေတော့မှာ။

မနေ့ကညနေက သူနဲ့ အိမ်မှာနေတဲ့ သူ့သူငယ်ချင်းနဲ့ ထုံးစံအတိုင်း လက်ဖက်ရည်သောက် ဆင်းကြတယ်။ သမီးကတော့ အခန်းထဲဝင်အိပ်နေပြီ။ လက်ဖက်ရည်သောက်ပြီး ပြန်တက်လာတော့ သူက ပါမလာဘူး။ ကိုယ်က သူငယ်ချင်းနှစ်ယောက် အတူပြန်တက်လာမယ်ထင်တာကိုး။ မပါတော့ ဒေါ်သန်းစိန်ရဲ့သမီး က မေးလိုက်တာက " ပြန်လာတာ တစ်ယောက်တည်းလား ။ ဟ၀ှါတို့ အဖေရော မပါဘူးလား ...." ဟူသတည်း။

တော်သေးတယ်။ ဟိုကလဲ သဘောပေါက်လို့ ။ ကားနေရာသွားရွှေ့နေလို့ နေခဲ့တယ်တဲ့ဗျား။ 

(စင်္ကာပူမှာ နေစဉ်က ရေးခဲ့သော ပို့စ်လေးဖြစ်ပါသည်)

14 comments:

  1. Ma Ma Sweet, it is very lovely yet funny post, which makes me laugh and apparently makes my day, thank you!!!
    Mon Petit Avatar

    ReplyDelete
  2. မိတ်ဆွေ လင်မယား နှစ်ယောက်ကတော့ သားအကြီးလေးမွေးတော့ ဖိုးချိုလို့ အိမ်မှာ ချစ်စနိုးခေါ်ကြတယ်... ဒီတော့ တယောက်ကို တယောက် စကားပြောရင် ထုံးစံအတိုင်း ဖိုးချိုတို့ အဖေ ဖိုးချိုတို့ အမေလို့ ပြောကြ ခေါ်ကြတာပေါ့... နောက်နည်းနည်းကြာတော့ သမီးလေးတယောက်ထပ်မွေးတယ်... သမီးလေးကို ဆွေဆွေလို့ နာမည်ပေးတယ်...။
    ဒါပေမယ့် သူတို့ နှုတ်ကျိုးနေတာက ဖိုးချိုတို့ အဖေ ဖိုးချိုတို့ အမေ ပဲလေ... ကြာလာတော့ သမီးက မခံနိုင်တော့ဘူး... အဖေတို့ အမေတို့က တခါလာလဲ ဖိုးချိုတို့ အဖေ၊ တခါလာလည်း ဖိုးချိုတို့ အမေ ဆိုတော့ ဆွေဆွေ့ အဖေနဲ့ ဆွေဆွေ့ အဖေက ဘယ်မှာလဲ လို့ ပြန်မေးလိုက်သတဲ့...း)

    ReplyDelete
  3. မသက်ဝေပြောတာရယ်ရတာ။
    ကျနော့် အဘွားက အဖိုးကို ကျော်ကျော်ရေလို့ ခေါ်သတဲ့ သူ့ ထက် ၁၁ နှစ်ကြီးတာကို ။ အဘိုးက ချစ်နေတာ အဲလိုခေါ်တာ နောက် အမေတို့ကလေးတွေကပါ ကျော်ကျော်ရေ လိုက်လုပ်တော့ အဖေကြီးရေလို့ ပြောင်းပြလိုက်တယ်။ဟိဟိ။

    ReplyDelete
  4. ရယ်ရတယ်အမရေ.... နိစဓူဝ ဆိုတော့လည်း ဖြစ်တော့ ဖြစ်တတ်သား :)

    ReplyDelete
  5. သြော်မအုန်းစိန်่အစဒီကကိုး

    ReplyDelete
  6. ဟား..ဟား..မဆွိ‌ရေးထားတာ‌ရော..‌ကောမန့်‌တွေ‌ရော..ရယ်ရ
    တယ်‌တော့..တို့လဲအရင်တုန်းက "‌မောင်‌ရေ"လို့‌ခေါ်တာ..။သမီး‌လေး
    စကားေ ပြာတတ်လာ‌တော့..သူကပါ‌မောင်‌ရေ..လိုက်‌ခေါ်လို့."အ‌ဖေကြီး‌ရေ"
ေ ပြာင်းလိုက်ရတယ်..ခု‌တော့"မအုန်းစိန်"လိုဟဝှါတို့အ‌ဖေလို့မ‌ခေါ်မိ‌အောင်
    တခါထဲအပြီးမှတ်ပုံတင်ထားလိုက်တယ်.."‌ယောက်ျား‌ရေ.."လို့..။းD

    ReplyDelete
  7. ဒါနဲ့ မသန်းစိန်ဆိုလို့ ရွာက အရင် တစ်ယောက်တည်းတော ဆရာဝန် နာမည်က ကိုသန်းစိန်တဲ့ဗျ :D

    Lovely Post!

    ReplyDelete
  8. ကြီးတော်ကြီးလင်မယားကတော့ တစ်ယောက်ကို တစ်ယောက်
    သူ့ဖေရေ သူ့မေရေ တဲ့။

    ReplyDelete
  9. ဟဟဟား။။သဘောတကယ်ကျတယ် အစ်မရေ..။
    အဖေရေ...အမေရေ လို့ ခေါ်တာတွေက မြသွေးလည်း ခနခနဖြစ်ဘူးတယ်။ ကြာလာတော့ အဖေက သိနေပြီ။ “ ဘယ်အဖေ” ကိုခေါ်လဲဆို မေးတတ်လာပြီ။ :)
    တူမတစ်ယောက်ဆို ၁၉နှစ်ရှိနေပြီ။ ချောချောလေး။ ငယ်ငယ်က လုံးလုံးပုပုလေးမို့ လုံးပုလို့ ခေါ်မိတာ။ အခုတော့ သွယ်ချောဖြောင့်လို့။ လုံးပုခေါ်မိရင် စိတ်တွေဆိုးနေပြီ။
    ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို ရိုးရိုးလေးရေးထားတာ သဘောကျမိတယ်...။

    ReplyDelete
  10. Sweet wrote a so sweet post:)It's a symbol of"Thein gara"stream.
    Gyidaw

    ReplyDelete
  11. ဟား ဟား..။ မစံပယ်တို့အမေကလည်း သိပ်ရိုးတာ..။ သူများတွေနဲ့စကားပြောရင် ကျူပ်တို့အိမ်ကလေ ကျူပ်တို့အိမ်ကလေ လို့ပြောသံကြားဘူးတယ်..။ မိတ်ဆွေတစ်ယောက်က နောက်တတ်တယ်..။ ဆရာမကြီး အိမ်ကဘယ်ဟာကြီးပြောနေတာလဲလို့နောက်တာ..။ အဖေတစ်နေရာသွားနေလို့နောက်ကလိုက်ခေါ်ရင် ဘေးကတစ်ယောက်ယောက်ကို ကျူပ်တို့အိမ်ကဟာ ပြောစမ်းပါ့တော်လို့ တိုက်ရိုက်မခေါ်ဘဲ ဘေးလူကိုပြောခိုင်းတတ်တယ်..။ လူကြားထဲသူတို့ခေါ်ရမယ်ဆိုရင် အမေတော်တော်ဒုက္ခရောက်တာ တွေ့ရတယ်..။ ရည်းစားတွေသိမ်းထားတာ ခိုးဖတ်ဘူးတာတော့ အမေက အဖေ့ကို "ကို" လို့သုံးတာ တွေ့ဘူးတာပဲ..။ နောက်တော့ ဖအေ ဖအေ လို့သုံးတယ်..။ အဖေကလည်း မိန်းမ မိန်းမလို့ ခေါ်တာကြားဘူးတာပဲ..။ချစ်ပြီးကြိုက်ပြီးယူလာကြတာ ကြည်နူးဖို့ကောင်းပါတယ်..။ ခုတော့ အဖေကဆုံးသွားပြီ..။ အမေ့ကိုသနားလို့ မဆုံးဘူး.. မစံပယ်မှာလေ..။

    ReplyDelete
  12. ဟဝှါတို့ အမေ တီတီဆွိ..း)

    ReplyDelete
  13. မနက်စောစော
    ဒီပိုစ့်လေး ဖတ်ရင်းနဲ့
    ပြုံးမိတယ်၊ ပြီးတော့ ရယ်မိတယ် သဘောကျလို့။

    ReplyDelete
  14. အမေရေ အရမ်းရယ်ရတယ်။ တကယ်ပဲ ဟာသညဏ်ရှိပါပေတယ်။ တချို့ဘလောက်တွေဆို ငါ့ကောင်းကြောင်းငါရေးတယ် စိုသလိုမျိုးရေးဟန်က ဖြစ်နေတာ။
    အမ ဘလောက်က တကယ်ဖတ်လို့ကောင်းတယ်။ သိစရာလေးတွေသိရ။ ရယ်လဲရယ်ရ။ စလုံးတုန်းက မတွေ့လိုက်တာ နာတာပဲ

    ခရေဖြူ

    ReplyDelete