Thursday, September 22, 2011

ယိုးဒယား ငါးဖယ်ကြော် ( Thai fish cake)

ယိုးဒယားဆိုင်မှာ စားတိုင်း စားလေ့ရှိတာက အဲဒီ Thai fish cake ရယ်၊ တုံ့ယန်းဟင်းချို၊ ကြက်သားဘေဆယ်၊ သင်္ဘောသီးထောင်း၊ နောက်ကြက်သားဖက်ထုတ်ကြော်ပေါ့။ Thai fish cake ကတော့ ပထမဆုံးလာချပြီး appetizer အနေနဲ့စားကြတာ။ သူက အနံ့အရသာက မြန်မာ ငါးဖယ်ကြော်နဲ့မတူပဲ အလွန်မွှေးလွန်းတာကြောင့် တစ်ခုစားပြီး ဘယ်တော့မှ မတင်းတိမ်၊ တစ်ခုပြီးတစ်ခု စားမိတော့တာပဲ။ နောက်သူက နဲနဲ အစပ်အရသာလေးလဲရှိတယ်။ ခုဒီမှာ ယိုးဒယားဆိုင်လဲ သွားမစားဖြစ်တော့ အိမ်မှာပဲ ယိုးဒယားစာ စားချင်တာလေးတွေ ချက်စားနေတာ။

ဟိုနေ့က ဖလင်မန်တန်ဈေးက ငါးအသားချည်းဝယ်လာတာနဲ့ Thai fish cake လေး စားချင်လာလို့ လုပ်ဖြစ်သွားတယ်။ ငါးဖယ်မရှိတာနဲ့ ရှိတဲ့ငါးနဲ့ လုပ်ရတာပါ။ ငါးဖယ်နဲ့ဆို ပိုချို ပိုကောင်းမှာ ပေါ့ဂျာ။

ပါဝင်တဲ့ ingredient တွေကတော့

ငါးအသားချည်း ၃၀၀ ဂရမ်
ဆနွင်းမှုန့် အန်ည်းငယ်
ငရုပ်သီး အရောင်တင်မှုန့် စားပွဲဇွန်းတစ်ဝက်ခန့်
 ငရုပ်သီးစိမ်း ၃တောင့်ခန့်
ဂျင်း လက်၂ဆစ်ခန့်
ကြက်သွန်ဖြူ ၅မွှာ
စပါးလင် အကြီးတစ်ဝက် (အသေး တစ်ချောင်းခန့်) ပါးပါးလှီးထားပါ။
ရှောက်ရွက် အနည်းငယ် ပါးပါးလှီးထားပါ။ အန်တီဆွိကတော့ ရှောက်ရွက် မရှိတာနဲ့ သံပုရာသီးကို ခြစ်လေးနဲ့ ခြစ်ပြီး ထည့်ပါတယ်။  (about 1 tea spoon)


သကြား စားပွဲဇွန်း တစ်ဝက်
ငံပြာရည် စားပွဲဇွန်း တစ်ဝက်
ဟင်းခတ်မှုန့်   စားပွဲဇွန်း တစ်ဝက်

ကြက်သွန်မြိတ် ၂ချောင်းခန့်   ပါးပါးလှီးထားပါ။
နံနံပင် အနည်းငယ်  ပါးပါးလှီးထားပါ။
ပဲသီး ၃-၄ တောင့်ခန့် ပါးပါးလှီးထားပါ။

ငါးအသားတွေကို အသေးလေးတွေလှီးပြီး ဆနွင်းအနည်းငယ်နဲ့ အတူကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါတယ်။ ငါးဖယ်ခြစ်လောက်အထိ texture လေးဖြစ်အောင် ကြိတ်ပါတယ်။ 


လိုအပ်တဲ့ အမွှေးအကြိုင် ingredient တွေကိုလည်း ထောင်းပါတယ်။ ပဲသီး၊ နံနံနဲ့ ကြက်သွန်မြိတ်တွေကို တော့ ချန်ထားပါ။ သူတို့ကို နောက်မှရောထည့်ပါမယ်။

 
ထောင်းထားတဲ့ အမွှေးအကြိုင်တွေကို စောနက ငါးကြိတ်ထားတာထဲ ထည့် ကြိတ်ပါတယ်။ သကြား၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်လဲ ထည့်ပါ။ နောက် နံနံပင်နဲ့ သံပုရာခွံအမွှေးကိုပါ ထည့်ကြိတ်ပါတယ်။ အားလုံးကြိတ်ပြီးမှ   ကြက်သွန်မြိတ်၊ ပဲသီးလှီးထားတာကိုတော့  ဒီတိုင်းပဲထည့်မွှေပါတယ်။

အရသာသိရအောင် ပထမဆုံး ငါးဆုတ်သေးသေးလေးကို ဆီထဲအရင်ထည့်ကြော်ပြီး အရသာမြည်းကြည့်ပါဦး။ လိုတာ ထပ်ထည့်ပေါ့နော်။ ပြီးမှ ငါးလက်တစ်ဆုတ်လောက်ကို အပြားလေးတွေ လုပ်ပြီး ဆီမြုတ်အောင်ထည့်ပြီး ကြော်ပါတယ်။ ငါးကို ဆုတ်တဲ့နေရာမှာ ဆီလေးကိုင်ပြီးလုပ်ပါတယ်။ နောက်မှို့ဆို လက်မှာ ကပ်နေတာ ခွါရခက်သဗျ။


ချားလို့ရပြီ။ အဲလေ စားလို့ရပြီ ခင်ည။ အလွန် အနံ့အရသာနှင့်ပြည့်စုံသော ယိုးဒယားစတိုင် ငါးခြစ်ကြော်ပါခင်ည။ နံနံပင်ပါထည့်ကြိတ်ထားတော့ အနံ့အရာသာက တော်တော်ကို မွှေးပြီး ကောင်းပါတယ်။


 အန်တီဆွိအဲဒီနေ့က ထမင်းမစားပဲ အဲဒါချည်း ထိုင်စားလိုက်ပါသဗျာ။ လိမ္မော်ရည်လေး သောက်လိုက်။ ငါးခြစ်ကြော်လေးမြည်းလိုက် ....


(Thai red chilli paste ရှိရင်တော့ ဟင်းခတ် အမွှေးမကြိုင်တွေ သပ်သပ်ထောင်းစရာမလိုပဲ အဲဒီ paste ရယ်၊ နံနံ၊ ပဲသီး၊ ငါးငံပြာရည်၊ ငါးဖယ် (သို့) ငါးခြစ် ရောနယ်ပြီး ကြော်ရုံပဲ။ သူ့ တကယ့် recipe အစစ်က အဲဒီအတိုင်းပါပဲ။ အန်တီဆွိ ဒီမှာ ဘယ်မှာရှာဝယ်ရမှန်း မသိလို့ ကိုယ့်ဟာကို အစအဆုံး လုပ်ရတာပါ။  Thanks to Ma Thet, she remind me to add this.)

15 comments:

  1. ယိုးဒယားဆိုင်မှာ စားလေ့ရှိတဲ့ ဟင်းအစပ်တွေ အားလုံး တူတူပဲ... အဲဒီထဲကမှ Thai Fish Cake ကို အရမ်းကြိုက်တယ်... ကိုယ်တိုင်လုပ်ပြီး ကြော်စားရမှာတော့ ပျင်းတယ်... (အန်တီသက်ဝေ မပျင်းတာ ဘာများရှိသလဲ လို့ မမေးရ...) ဒါကြောင့် ဆိုင်မှာပဲ စားဖြစ်တယ်...

    ကျန်တဲ့ အိမ်သားတွေ ဘယ်သူမှ မကြိုက်လို့ မှာလိုက်တိုင်း တပွဲလုံး တယောက်တည်းစားရတယ်... ဘယ်လောက်ကောင်းသလဲ... ဟဲဟဲ

    ReplyDelete
  2. အမရေ..စမ်းကြည့်လိုက်အုံးမယ်..ကြိတ်စက်ကိုအဆင်ပြေရင်ပုံလေးပါတင်ပေးပါအုံး..ဘာနဲ့ကြိတ်ရမှန်းမသိလို့ပါ..စားချင်တာတွေကိုယ်တိုင်ချက်စားပြီး ၀လာအုံးမယ်နော်..

    ReplyDelete
  3. မွှေးပြီး အရသာရှိနေမှာ သေချာတယ်..။
    ပူပူလောလောလေး စားကြည့်ချင်လိုက်တာ...။
    ဒီမှာ ငါးဖယ်ငါးဘောင်းကြော် လုပ်စားတာနဲ့ နည်းနည်းတူတယ်။
    ထည့်တဲ့ Ingredientတွေ ကွာတယ်..။
    တစ်ရက်လောက် လုပ်စားကြည့်မယ်ရှင်..။

    ReplyDelete
  4. အဲ.ဒီပန်းကန်ပြား အနားကွပ်အပြာရောင်ကိုအလွတ်ရနေပြီ တီဆွိး)
    (ဟီးဟီး ကွန်မန်.က ငါးခြစ်ကြော်နဲ.ဘာမှမလဲမဆိုင်ဘူးနော် )

    ReplyDelete
  5. စိတ်ဝင်စားဖွယ် ငါးခြစ်ကြော်ကို စွိတီကစားပြထားသေးတယ်း)) နည်းပညာလေးအတွက် ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကျမလည်း ကြိုက်တယ်။ ရှောက်ရွက်လေးပါထည့်ရင် သိတ်ကောင်းပေါ့း)
    မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါနော်

    ReplyDelete
  7. I've never eaten that dish.
    Look yummy; I'll try it soon. :)

    ReplyDelete
  8. Yes Mo, this dish is really really nice, you will definitely like it.

    ဘေဘီပြောမှ သတိရတယ်။ ရှောက်ရွက် မရှိလို့ သံပုရာသီးခွံကို ခြစ်လေးနဲ့ ခြစ်ပြီး ထည့်ထားတာ။ ပြန်ပြင် ထည့်လိုက်ဦးမယ်။ ကျေးဇူးညီမ။

    အန်တီတင့် ကျေးဇူး။

    ဟီးဟီး အိမ်မှာ အဲဒီအနားကွက် အပြာရောင်ပဲ ထုတ်သုံးနေတား)အဲဒါ စင်္ကာပူက သယ်လာတာ။ စလုံးမှာ မယ်လမင်း ပန်းကန်သုံးလက်စတွေ အကုန်ထားခဲ့တာ။ ဒီမှာ ကြွေတွေပဲသုံးတာများတယ်။

    မြသွေး လုပ်စားကြည့် 100% recommend ;)

    နီလာရေ ကြိတ်စက်က အိမ်မှာ ပုံမှန် ငရုပ်သီးကြက်သွန်ကြိတ်တဲ့ ဘလန်ဒါနဲ့ပဲလေ။
    အောက်ကလင့်ခ်က ပုံလေးနဲ့တူတယ်။
    http://www.bizrate.com/blenders/742471317.html

    အန်တီသက်ဝေ တူတူပဲ ... တူတူပဲ သူတို့မကြိုက်လေ ... ကိုယ်စားရလေ ... မကြိုက်ပါစေနဲ့ ဆုတောင်းရတယ် ... (ဟမ် ))))

    ReplyDelete
  9. အစ်မ အုန်းနို့ မှုန့်  လေး နဲ့  thai red curry paste ကို ရောနှယ်ပြီးကြော်ရင် ပိုကောင်းတယ်။ ဆိုင် က ရောင်းတဲ့  အတိုင်း ရမယ်။

    ReplyDelete
  10. စားချင်တယ်..စားချင်တယ်...

    ReplyDelete
  11. ခက်တယ်ဗျို.၊ မချက်ချင်ဖူး၊ ထိုင်းကထုတ်တဲ့ ရယ်ဒီမိတ်ကို ကျော်စားဖူးတယ်၊ စားလို.မကောင်းဖူး၊ အော်စီကို ကျွန်တော်တို.မိသားစု အလည်လာတော့မှပဲ ထမင်းဖိတ်ကျွေးနော်၊ ဆွေပြမျိုးပြပေါ့၊ တစ်လွဲမတွေးပါနဲ.၊ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတဲ့စကားပုံလိုပေါ့၊ (စကားပုံက ဟုတ်ရဲ့လားမသိဖူး) ၊

    ခင်တဲ့

    ReplyDelete
  12. ဟင့်..အဲဒီငါးဖယ်ေ ကြာ်က‌လေ..ကြိုက်လဲအကြိုက်ဆုံး၊လုပ်ရမှာလဲ
    အပျင်းဆုံးဘဲ..သူ့ဘာသူအတုံးလိုက်ရှိ‌နေတဲ့ဟာကိုေ ကြ‌အောင်လဲ
    ကြိတ်ရ‌သေး..ပြီးမှအတုံးပြန်လုပ်ပြီးေ ကြာ်ရ‌သေး..ရှုပ်‌နေတာဘဲ..
    ‌တော်ပြီ..ကိုယ့်ဘာကိုယ်လုပ်မစား‌တော့ဘူး..မဆွိေ ကြာ်ထားတာ‌တွေဘဲ
    ယူစားသွားပြီ..။

    ReplyDelete
  13. တီဆွိရဲ့နည်းလေးကိုအားတဲ့အခါလုပ်ကြည့်မယ်
    ချိုသောအရသာကလွှဲရင်အားလုံးကြိုက်လို့အဆင်ပြေမှာပါ
    ခင်မင်တဲ့ jasmine

    ReplyDelete
  14. Aunty Sweet gmail ရှိရင်ပေးပါနော်

    ReplyDelete
  15. နေခြည် အဲဒီမှာ အန်တီဆွိ gmail
    sweetee2008@gmail.com

    စပါယ်ရေ လုပ်စားကြည့်ပါ။ သိပ်စားကောင်းပါတယ်။

    တီတီစု ကတော့ ရီရတယ်။ အဲဒါဆိုလဲ ငါးဖယ်ခြစ်ပြီးသားဝယ်လုပ်လေ။ တကယ်ကြီး စားကောင်းတာနော်။

    ကိုဇက်၃လုံးး) ၀ူးမောင်ရှိမ့်တစ်ယောက် လက်နက်ကရိယာတွေ ၀ယ်စုနေတယ်ဆိုတာ သတင်းသိုးသိုးသန့်သန့်လေးမှ မကြားမိဘူးလားး)

    ညီမငယ် စန်းထွန်း ပုံပြပြီး နှိပ်စက်သလိုဖြစ်နေပြီ။ ချားချင် ချားတွားလေး)

    မသက် ကျေးဇူး ဟုတ်တယ်။ သူ့ အောရီဂျင်နယ် ရက်စ်ပီက Thai read chilli paste ရယ် ပဲသီး၊ နံနံပင်၊ ငါးငံပြာရည်ရယ်ဗျ။ ဒီမှာ Thai red chilli paste အလွယ်တကူရှာမရတာနဲ့ ကိုယ့်ဟာကိုယ် အစအဆုံး လုပ်ရတော့တာ။ အဲဒါလေး ပို့စ်မှာထပ်ဖြည့်လိုက်မယ်။ အုန်းနို့တော့ မပါဘူးဗျ။ နဲနဲ ကွဲတာဖြစ်လိမ့်မယ်။ အဲဒီပေ့စ်ရှာတွေ့ရင်တော့ တို့က ထပ်ကြော်စား .... ဦး ....မှာ ...း)

    ReplyDelete