Tuesday, October 13, 2009

ကြားရ ကြားရ နားဝမသက်သာ

ကြားရ ကြားရ နားဝမသက်သာပေမဲ့ နောင်လာမဲ့ သူတွေ သိရအောင် ကြားရတဲ့ သတင်းလေး ပြောပြချင်လို့ပါ။

ဟိုတစ်နေ့ကပဲ မြန်မာ အိမ်ဖော်မလေးကို စလုံးအိမ်ရှင်တွေ နှိပ်စက်တဲ့ အကြောင်း သတင်းစာထဲ ဖတ်မိလို့မှ မကြာသေး။ ပြီးခဲ့တဲ့တနင်္ဂင်္နွေက ၂ပတ်လောက်က အသိလင်မယား ခလေးကျောင်းပို့ရင်းနဲ့ တိုပါးရိုးဘုန်းကြီးကျောင်းမှာ ကြုံခဲ့ရတာလေးပါ။ အသက် အစိတ်လောက် ခလေးမလေးတစ်ယောက် ငိုဟယ်၊ ယိုဟယ်နဲ့ ဘုန်းကြီးကို တိုင်ပြောနေတာ တွေ့သတဲ့။ ဒါနဲ့ မနေသာလို့ သွားမေးမြန်းတော့ ခလေးမလေးက စလုံးတရုတ်အိမ်ကနေ နှိပ်စက်ခံရလို့ ထွက်ပြေးလာသတဲ့။ ဘုန်းကြီးကျောင်းကိုလဲ ဗမာကျောင်းမှန်း သိလွန်းလို့ ရောက်လာတာလဲမဟုတ်။ ခြင်္သေ့ရုပ်ကြီးတွေတွေ့လို့ ဗမာပြည်ကဘုရားနဲ့တူတယ်ဆိုပြီး ဗမာတွေ့ရင် အကူအညီတောင်းမယ်ဆို ရောက်လာတာတဲ့။

ရောက်တာ ၁လပဲရှိသေးတယ်။ သူနာပြု အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားခ ၉သိန်းနဲ့လာတာပါ။ အဲဒီငွေကလဲ ထုံးစံအတိုင်း ချေးငှါးပြီးလာခဲ့ရတာပါတဲ့။ အိမ်ရှင်တွေက ထမင်းတောင် နပ်မှန်အောင် မကျွေးဘူးတဲ့။ ထမင်းဟင်းတွေဆို သူတို့ကျန်လို့ သိုးမှ ပုတ်မှစားရသတဲ့။ အတော်ကို လူမဆန်တဲ့ လူတွေပဲ။ သူတို့အတွက် ဟင်းချက်တာ မကြိုက်ရင် သံလုံးနဲ့ ခေါင်းကိုထုသတဲ့။ ခေါင်းမှာရော တခြားနေရာမှာတွေရော ဒဏ်ရာဒဏ်ချက်တွေ သက်သေတွေ့ရပါတယ်တဲ့။ အိမ်က private house ဖြစ်ပြီး သူ့ကိုလဲ အိမ်ထဲမှာမထားပဲ ခြံအပြင်မှာပဲ ဒဏ်ပေးပြီးထားတယ်ဆိုလားလဲ ပြောပါတယ်။ နောက်ဆုံးတော့ သူဒီတိုင်းဆက်နေရင် လုံးပါးပါးပြီး သေတော့မှာပဲဆိုပြီး အိမ်ကနေထွက်ပြေးလာတာပါတဲ့။

အဲဒါ ဘုန်းကြီးက အကူအညီတောင်းတာနဲ့ အသိလင်မယားက သူ့ကိုခေါ်ပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပါတယ်။ ဒဏ်ရာ ဒဏ်ချက်တွေကို ရဲကို ပြပြီး တိုင်ချက်ဖွင့်တာပါ။ အသိလင်မယားက ပွဲစားကို ခေါ်အပ်ပြီး ပြန်ခါနီး လိုလိုမယ်မယ် သုံးစရာရှိသုံးရအောင် ပိုက်ဆံပေးတော့ ငြင်းပါတယ်တဲ့။ သူ့ကို အဲဒီအိမ်က ပိုက်ဆံခိုးတယ်ဆိုပြီး စွတ်စွဲခံရမှာ ကြောက်တယ်လို့ ပြောပါသတဲ့။

စလုံးမှာ ဒီလို အိမ်ဖော်ကိုနှိပ်စက်တယ် ... အိမ်ဖော်နဲ့ အိမ်ရှင်နဲ့ တုတ်တပျက်၊ဓားတပျက်၊ အိမ်ဖော်ကို မီးပူနဲ့ ကပ်လို့၊ ဆေးလိပ်မီးနဲ့တို့လို့ ၊ အိမ်ရှင်ကို အိမ်ဖော်က ဓာတ်ဆီနဲ့ မီးရှို့လို့ ... ဒီလိုဇာတ်လမ်းတွေ ကြားရဖန်များလို့ ရိုးနေပါပြီ။ အရင်က အင်ဒိုနီးရှားအိမ်ဖော်မလေးတွေ အများဆုံး ဒီပြဿနာဖြစ်ပါတယ်။ အင်္ဂလိပ်လိုက မတတ်၊ လူကလဲခပ်အေးအေး၊ ခပ်နှေးနှေးလေးတွေဆိုတော့ အိမ်ရှင်စလုံးတွေက စိတ်မရှည်တော့ ဒီလိုပြသနာတွေ ဖြစ်ရတာပါ။ လူမဆန်တဲ့ သူတွေနဲ့ တွေ့တော့ ဒီ့ထက်ပိုဆိုးပေါ့။ ဖိလစ်ပင်း အိမ်ဖော်တွေက အင်္ဂလိပ်လိုလဲ ကျွမ်းတယ် ... ပိုလဲဥာဏ်ကောင်းလို့ ကြားဖူးတယ်။ သူတို့ကတော့ အိမ်ရှင်နဲ့ ပြသနာဖြစ်တာ ရှားပါတယ်။ ခုနှစ်ပိုင်းတွေမတော့ ဗမာအိမ်ဖော်လေးတွေ များလာတာနဲ့ အမျှ ကိုယ့်ဗမာလူမျိုးတွေနဲ့ ဒီလိုသတင်းတွေချည်း ကြားရတော့ ကြားရကြားရ နားဝ မသက်သာပါ။

မြန်မာပြည်မှ လာလတံ့သော အမျိုးသမီးငယ်များကိုလည်း ဒီမှာဖြစ်နေတာလေးတွေ သိရအောင်၊ ပွဲစားတွေရဲ့ အညာမခံရအောင် ဒီကသတင်းလေးတွေ မျှဝေပေးစေလိုပါတယ်။

4 comments:

  1. ဟုတ်တယ် တီတီဆွိရေ
    ကိုယ်တိုင်လဲ ကြူံခဲ့ဖူးလို့ သိပါတယ်
    ကိုယ်ချင်းလဲစာမိပါတယ်။
    လူလူချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေလို့ဘဲ
    ဆုတောင်းနေမိတော့တယ်.။

    ReplyDelete
  2. တကယ်ကိုစိတ် မချမ်းသာစရာ ပါလားနော်။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ သတင်းစာဖတ်ရင်း ဗမာ အိမ်ဖော်တွေ ဓါတ်ပုံနဲ့တကွ ကြေညာထားတာတွေ့လို့ စိတ်ညစ်မိသေးတယ်။

    ReplyDelete
  3. who say the world will be peaceful if u just pray? u all r just funny...

    pray hard for democracy.. ok?

    ReplyDelete
  4. ဆက်စပ် ဖတ်ရှုရန်ပါ။

    http://opera.lawshay.com/2008/07/blog-post.html

    အခု အဲဒီ လင့်ခ်မှာပါတဲ့ ကေ့စ်ကို ရဲက လူသေမှုမဟုတ်ပဲ လူသတ်မှုနဲ့ အမှုဖွင့် စစ်ဆေးလို့ တရားရုံးရောက်နေပြီလို့ သိရပါတယ်။ စင်ကာပူထုံးစံ အမှုသေချာမှပဲ သတင်းစာမှာ ပါမယ် ထင်မိကြောင်း။

    ReplyDelete