----------------------------------------------------------------------------------------------------------------------

original picture link
ဒီနေ့တော့ ဖုန်းမဆက်ဖြစ်တာကြာပြီဖြစ်လို့ ကျွန်တော့်အကို မိသားစုဆီကို ဖုန်းဆက်ဖြစ်လိုက်တယ်။ ပထမပိုင်းမှာတော့ မိသားစု ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအကြောင်းတွေ ပြောဆိုကြပြီးတော့ နောက်ပိုင်း ကျွန်တော့်အကို တစ်ယောက် လတ်တလောကြုံတွေရတဲ့ အဖြစ်အပျက်တခုကို ကျွန်တော်မရီးက နတ်သံနှောလို့ ဖောက်သည်ချပါလေရဲ့။ မရီးပြောပြတဲ့ ဇာတ်လမ်းကို နားထောင်ပြီး ကျွန်တော် ရယ်သွမ်းသွေးမိပါတယ်။ ဒါထက်ပိုလို့ ဆက်တွေးလိုက်တော့ စိတ်လည်းမကောင်းဖြစ်သွားမိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလိုမျိုးတွေ တကယ်ပဲ ဖြစ်နေပြီလား ဆိုတာပေါ့။
ကျွန်တော်ဇာတ်လမ်းအစုံ ပြောပြပြီးမှပဲ ဆက်လက်ဆွေးနွေးပါ့မယ်။
==========================================================
ပထမဆုံး ဇာတ်လမ်းမပြောပြခင် ကျွန်တော်အကိုနဲ့ ပါတ်သက်ပြီး သိအောင်ပြောပြရရင် အသက် ၄၄ နှစ်ရှိတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူက ဆေးကုသရေးမှာ မဟုတ်တော့ပဲ အုပ်ချုပ်ရေးလိုင်းထဲ ၀င်ရောက်သွားလို့ အခုဆိုရင် ဌာနတခုမှာ အရာရှိတစ်ယောက်အနေနဲ့ နဲ့လုပ်ကိုင်နေပါတယ်။ အဖြစ်အပျက်က တယ်လီဖုန်းနဲ့ ဖြစ်သွားတဲ့ အတွက်ကြောင့် တယ်လီဖုန်း စကားပြောခန်းနဲ့ပဲ ပြန်လည် သရုပ်ဖော်ပါရစေ ...
ကလင်... ကလင်... ကလင် ...))))))
မောင်ခြိမ့် အကိုသည် အိမ်၌ဖွင့်ထားသော ဆေးခန်းလေးတွင် ထိုင်နေစေ။ မောင်ခြိမ့် မရီးသည် ထမင်းစားခန်းထဲတွင် အိမ်မှုကိစ္စများလုပ်ကိုင်နေစေ။
မောင်ခြိမ့် အကိုသည် ဆေးခန်းထဲမှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်စေ။ မောင်ခြိမ့် မရီးသည် ထမင်းစားခန်းထဲတွင်ရှိသော တယ်လီဖုန်း စကားပြောခွက်ကို ကိုင်လိုက်စေ။ ထိုသို့ တယ်လီဖုန်းကိုင်ချိန်မှာ တပြိုင်နက်ဖြစ်သည်။
မောင်ခြိမ့် အကို ။ ။ ဟယ်လို အမိန့်ရှိပါ။ ကျွန်တော် မောင်__ စကားပြောနေပါတယ်။
အမျိုးသမီးတဦး။ ။ ကိုကိုလားဟင်... ကိုကိုနဲ့တွေ့ဖို့ ဖုန်းဆက်လိုက်ရတာ အခုမှပဲ တွေ့ရတော့တယ်။
မောင်ခြိမ့် အကို ။ ။ ခင်ဗျာ ... ဖုန်းမှားနေပါတယ်ခင်ဗျာ။ ကျွန်တော် ကို__ ပါ။ ခင်ဗျားပြောတဲ့ ကိုကို မဟုတ်ပါဘူး။
အမျိုးသမီးတဦး။ ။ ဖုန်းမမှားပါဘူး ကိုကိုရယ်။ ကိုကို့ကို သိပါတယ်။ ကိုကိုက သား ၄ ယောက် မွေးထားတယ်။ သားအကြီးက ဆေးတက္ကသိုလ်တက်နေတယ်။ ကိုကို က __ဌာနမှာ အလုပ်လုပ်တယ်လေ။
မောင်ခြိမ့် အကို ။ ။ (သူမပြောနေသည်မှာ မှန်နေသည် ဖြစ်သည့် အတွက်ကြောင့် တိတ်ဆိတ်စွာ နားထောင်စေ ...)
အမျိုးသမီးတဦး။ ။ ကိုကို့မှာ အိမ်ထောင်ရှိမှန်း သိပေမဲ့ မီး လေ ကိုကို့ကို ချစ်လို့ ဆက်သွယ်တာပါ။ မီး ဆိုတာ မီးနာမည် မျက်ဝန်းညိုပါ ကိုကို။ မီးလေ ကိုကို နဲ့တွေ့ချင်ပါတယ်။ ကိုကို မီးကို တွေ့ခွင့်ပေးမလားဟင်။
မောင်ခြိမ့် အကို ။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော့် အနေနဲ့ အိမ်ထောင်သည်ဖြစ်တဲ့အတွက်ကြောင့် မဖြစ်နိုင်ပါဘူး။ တောင်းပန်ပါတယ်။ ဒါပါပဲခင်ဗျာ။
(မောင်ခြိမ့် အကိုမှ ဖုန်းချလိုက်သည်။ ထိုစဉ် မောင်ခြိမ့် မရီးမှာ ဖုန်းကိုင်ထားဆဲ ဖြစ်သောကြောင့် မတိမ်မစောင်း ဗိန်းမောင်းတီးကာ ဘီလူးဆိုင်းနှင့် ၀င်ရောက်ပါတော့သည်။ ကျွန်တော်မရီးပြောသည့်အတိုင်း တသွေမတိမ်း ရေးလိုက်ရပါသည်။)
မောင်ခြိမ့် မရီး ။ ။ဟဲ့ကောင်မ.. ညည်းက ငါ့ယောက်ျားကို ...... ..... ..... #%^)*&&^%$$#@!$^*)))(*&%$#Q@%^&**....
.... ... .... .... ... .... .... .... ....
ထိုနေ့က မောင်ခြိမ့် အကို၏ အိမ်တွင် အိမ်တွင်းစစ်ပွဲငယ်တခု ဖြစ်သွားပါသည်။
ထိုမျှနှင့် မပြီးသေး။ ထိုသို့ ပွဲကြမ်းပြီး ၄ ရက်အကြာတွင် ထိုအမျိုးသမီးက ဖုန်းဆက်ကာ ကျွန်တော့်မရီးကို နာမည်ခေါ်၍ " မမ__ ရယ်.. မမကို မီးတောင်းပန်ပါတယ် ..." ဟု ပြောသေးသည်လို့ သိလိုက်ရပါတယ်။
ထိုမျှနှင့်လည်း မပြီးသေးပါ။ အကိုဖြစ်သူ ရုံးကိစ္စတစ်ခုနှင့် အဝေးပြေးကားဖြင့် ခရီးထွက်ရတော့ ဘေးခုံမှာထိုင်သူသည် အနှီမိန်းခလေး ဖြစ်နေပါသည်တဲ့။ ဘယ်ကနေ ဘယ်လိုစုံစမ်းပြီး ကားလက်မှတ်ကိုပါ အတူကျအောင် ၀ယ်ထားရပါသနည်း။ (မရီးဖြစ်သူမှာ ဖုန်းဆက်ပြီးပြီးချင်း နောက်တစ်နေ့ပဲ အနှီမိန်းခလေး မည်သူမှန်း စုံစမ်းသိရှိခဲ့ပြီးပါပြီ ။) ကျွန်တော့ မရီးခမျာ ကားဂိတ်လိုက်ပို့တော့ ဘီလူးဆိုင်း တစ်ခါထွက်ကာ ယောက်ျားဖြစ်သူကို အိမ်ပြန်ခေါ်ခဲ့ရပါတော့တယ် ခင်ဗျာ ...
=======================================================================
အဲဒီ အဖြစ်အပျက်က တကယ်ဖြစ်သွားတာပါ။ ကျွန်တော် ဖုန်းပြောရင်း ရယ်မိပါတယ်။ စိတ်လည်း မကောင်းမိပါဘူး။ မြန်မာပြည်မှာ တချို့တွေဟာ အိမ်ထောင်ရှိမှန်းသိလျက်နဲ့ အခုလို ဖြစ်နေပြီဆိုတော့ စာရိတ္တမဏ္ဍိုင် တော်တော်ပဲ ညှိုးနွမ်းနေပြီလား။
တကယ်တော့ မောင်ခြိမ့် အကိုက တခါမှ ဒီလိုအဖြစ်မျိုး ဖောက်ပြန်တတ်သော၊ အငယ်နှောင်းထားသော သူများတွင် မပါဝင်ပါ။
ဒါဆိုလျင် ထိုသို့သော မိန်းကလေးများတွင် လွပ်လပ်သော ယောက်ျားပျိုလေးများကို ချဉ်းကပ်ပါလား။ မတော်တည့်မှန်း၊ အပြစ်ရှိမှန်းသိလျက်နဲ့ တမင်တကာပဲ အလွယ်လမ်းကို လိုက်နေကြပြီလားလို့ တွေးမိပါတယ်။
တကယ်ဆိုရင်တော့ မောင်ခြိမ့်အကိုက မချမ်းသာပါဘူး။ သား ၄ယောက်နှင့် ဘ၀ကို စားနိုင်သောက်နိုင်အောင် ရုန်းကန်နေရတဲ့ သာမန် ဘ၀ပါ။ နှစ်ပေါင်း ၂၀ နီးပါး လုပ်လာမှ ပေ၄၀၊ ပေ၂၀ ပျဉ်ထောင်အိမ်လေး တစ်လုံးပဲ ပိုင်တာပါ။ ကားမရှိပါ။
ဒါဆိုရင် ထိုမိန်းကလေးက ဘာများမက်မောစွာ လိုက်နှောက်ယှက်နေပါသလဲ ဆိုတာ ကျွန်တော်တို့ မိသားစုအတွင်း ခေါင်းခဲရပါတယ်။ လွန်ခဲ့သော ၄ လလောက်က ကျွန်တော်မရီးတော်မှာ သူမရဲ့သားများကို ရှေးခေတ် မိန်းခလေးများထိမ်းသိမ်း သကဲ့သို့ လိုက်စောင့်ရှောက်နေရတယ်လို့ ပြောဖူးပါတယ်။ အခုတော့ ကျွန်တော်မရီး ခမျာ သူ့ရဲ့ ၂၃နှစ်ကြာ ပေါင်းသင်းလာတဲ့ လင်တော်မောင်ကိုပါ မျက်လုံးဒေါက်ထောက် ကြည့်နေရတော့မဲ့ ဘ၀ ရောက်နေပြီတဲ့လေ။
မိန်းခလေးတွေ ကိုးရီးယားကား အကြည့်များလို့ အတုခိုး လွဲကုန်တာလား။
အချစ်ဝထ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်တာတွေ သိပ်များသွားတာလား။
ခုခေတ် မိဘ၊ဆရာတွေရဲ့ ဆိုဆုံးမမှု၊ ဘာသာတရားရဲ့ ဆိုဆုံးမမှုတွေမှာ အားနည်းကုန်လို့လား။
အငယ်အနှောင်းပဲဖြစ်ရဖြစ်ရ ဆရာဝန်တစ်ယောက်ကို ယူလိုက်ရင် အနည်းဆုံး ဘ၀အာမခံချက်တော့ ရှိပြီဆိုတဲ့ အတွေးတွေ မှားနေသလား။
ကျွန်တော့ အတွေးထဲမှာတော့ ...
လား... လား ... လား ....လားပေါင်း များစွာ .... .... .... ...။ ။
မောင်ခြိမ့်







