Monday, September 26, 2011

ပွဲတော်သို့၊ ရထားစီးခြင်း

တစ်နေ့သဍ္ဍ် အန်တီဆွိသည် ပျင်းပျင်းရှိသည်နှင့် အင်တာနက်ထဲတွင် လမ်းသလားနေစဉ် ဘလော့ဂါ မငယ်နိုင်ထံမှ ဂျီတော့မက်စေ့ခ်ျဝင်လာသည်။ ဆစ်ဒနီတွင် မြန်မာ  food and culture festival ရှိသည်တဲ့။

သို့နှင့် စုံစမ်းကြည့်သောအခါ သွားသင့်သော ပွဲလေးဖြစ်သည်ဟု သိရသည်တွင် အပေါင်းအသင်းအချို့ကိုလည်း ဖုံးဆက်ကာ သွားကြမည်၊ ဆုံကြမည်ဟု အကြောင်းကြားလေသည်။ တဆက်တည်းတွင် အပေါင်းအသင်းများကလည်း တနင်္ဂနွေနေ့တွင် family ticket ၀ယ်ကာ ရထားဖြင့် သွားပါက ပိုလည်းသက်သာ၊ ပျော်စရာလည်းကောင်းသည်ဆိုရာ ရထားနှင့်သွားရန် ကျွနုပ်လည်း ဆုံးဖြတ်လိုက်ပါသည်။ (ဆရာကြီး ရွှေဥဒေါင်းသိလျှင် သတ်သေမည်း)

သို့နှင့် နံနက် ၁၀နာရီခန့် အိမ်မှ ထွက်လာကြသည်။ ကားကို  East Wood ဘူတာရုံနားတွင်ရပ်ကာ ရထားလက်မှတ်ဝယ်သည်။ မိသားစု package ဖြင့် တစ်ယောက် ၂ကျပ်ခွဲတန် လက်မှတ် ၃စောင်ဝယ်ရာ တစ်နေကုန် ဘယ်ရထား တက်စီးစီး ကြိုက်သလိုစီး ဆိုပါသည်။ ဆစ်ဒနီတွင် ရထားခ၊ ကားခများသည် ကြောက်ခမန်းလိလိ ဈေးကြီးပေရာ family ticket ကတော့ တော်တော်လေးကို အဆင်ပြေအောင် လုပ်ပေးထားသည်ဟု သဘောပေါက်ရပါသည်။


ဆိုးသည်မှာ ရာသီဥတုအခြေအနေမှာကား အားကစားသမားများအကြိုက် ရာသီဥတုဖြစ်နေခြင်းဖြစ်သည်။ မိုးသည်ကား မိုးလင်းထဲက တဖွဲဖွဲရွာလျက်ရှိရာ spring တွင် မိုးမရွာတော့ဟု ထင်ထားသော အန်တီဆွိသည် ဂျုဂျူးအား စတော့ကင်အနက်ကလေးဝတ်ကာ၊ ဂါဝန်လှလှ၊ ဖိနပ်ပါးပါး ဆင်မိရာ မှားလေစွဟု နောင်တ အကြီးအကျယ်ရလေသည်။ ဦးခြိမ့်မှ မိသားစုအားလုံးဆန့်သော ဧရာမထီးကြီး ယူလာ၍သာ ဟန်ပေတော့သည်။


ဦးခြိမ့်ညွှန်သည့်အတိုင်း ရထားတက်စီးကြရာ ရထားသည် ရန်ကုန်-မန္တလေးလို အမြန်ရထား ဖြစ်နေရာ လမ်းတွင်ဆင်းကာ နောက်တစ်စီး ထပ်စီးကြပြန်သည်။ သို့နှင့် နောက်ဆုံး Town Hall ဘူတာတွင် ဆင်းကြသည်။ နောက်ထပ် တစ်ပြခန့်  လမ်းဆက်လျှောက်ကြရာ  Imax Theater နားမှ Food and Culture Festival သို့ ရောက်ပါတော့သည်။   

ပွဲတော်သည် ကားလမ်းဂုံးကျာ်တံတားအောက်တွင် စီစဉ်ထားရာ အမိုးအကာ  အနည်းငယ်ရှိ၍ တော်ပေသေးသည်။


သို့ပေမဲ့ အစားအသောက်ရောင်းသော ဆိုင်များကတော့ မိုးရွာထဲမှာဖြစ်နေရာ ဤသို့ ထီးလေးများဆောင်းကာ တတပ်တအား အားပေးကြရသည်။

စားသောက်ရန် ဘာတွေများရနိုင်လဲ လိုက်ကြည့်နေစဉ် ဘလော့ဂ်ပရိတ်သတ် ညီမငယ်တစ်ယောက်မှ တီဆွိဆိုကာ စာဖတ်ပရိတ်သတ်ဖြစ်ကြောင်း လာမိတ်ဆက်လာရာ ထီးမပါ မိုးစိုထဲမှာ ဖြစ်နေရာ အလွန်ပင် အားနာလှပါသည်။ အန်တီဆွိသည်  ဤသို့ မိတ်ဆက်လာလျှင် မည်သို့ ပြန်ပြောရမည်မှန်းမသိပဲ အူကြောင်ကြောင်ဖြစ်နေတတ်ရာ ခွင့်လွှတ်ပါရန်သာ ပြောလိုပါသည်။

အစားအသောက်များမှာလည်း စုံလင်လှပါသည်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ဒန်ပေါက်၊ ဆာတေး၊ စမူစာသုတ်၊ ဖာလူဒါ၊ အအေး မျိုးစုံ အစရှိသည်တို့ဖြစ်ပါသည်။ အန်တီဆွိနှင့် ဦးခြိမ့်က ရှမ်းခေါက်ဆွဲ၊ ဒန်ပေါက်နှင့် စမူစာသုတ်စားကြသည်။ သမီးက ဆာတေးစားရာ တစ်ဆယ်ဖိုး ၆ချောင်း ကုန်လေသည်။ ဈေးကတော့ အနည်းငယ်ကြီးပါသည်။



တစ်ချိန်တည်းပင် မြန်မာ့ယဉ်ကျေးမှု အကပဒေသာများကို တင်ဆက်လျှက်ရှိရာ နိုင်ငံခြားသား အော်ဇီလူမျိုးအချို့လည်း လာရောက်အားပေးကြသည်ကို တွေ့ရသည်။

မြန်မာအက ဖြစ်ပါသည်။

ရုပ်သေးအက

 
ကရင်ဒုံးယိမ်းဖြစ်ပါသည်။

ချင်းရိုးရာ အက။

မွန်လား ရခိုင်လား သေချာ မမှတ်မိတော့ပါ ခင်ညာ။

အန်တီမာမာအေးကို တွေ့ရာ ခွင့်တောင်း၍ ဓာတ်ပုံရိုက်လိုက်ပါသည်။ ချလပ် )))))



 ခလေးတွေကလဲ မိုးစိုစိုထဲမှာ မည်သို့မည်ပုံ တွေ့ရ တွေ့ရ ပျော်နေကြပါသည်။ အေးရသည့်အထဲ အအေးဗူးတွေ သောက်ကြသည်။ ပြေးလွှားကာ ဆော့နေကြသည်။

၁၂နာရီခွဲလောက်အရောက်တွင် မိုးက မစဲသည့်အပြင် လေပါ ပါလာရာ တံတားအောက် မိုးလုံလေလုံ အားကစားကွင်းသည်လည်း မိုးမလုံတော့သည်ဖြစ်ရာ ခလေးများ အအေးပတ်မည်စိုးသည်နှင့် အနီးအနားက ဈေးတစ်ခုသို့ သွားကြပါသည်။

လမ်းတွင် ဂျူဂျူ၏ ခြေအိပ်၊ ဖိနပ် အားလုံးမိုးစိုကုန်ရာ ဦးခြိမ့်၏ နာမည်ကျော် မျက်ခုံးမွှေးလည်း ကျုံ့သထက် ကျုံ့လာကာ အမေလုပ်သူကို ရန်လုပ်လေတော့သည်။ ဒီလိုမိုးရွာသည့်နေ့မှာ သူ့သမီးတော် ရတနာကို ဒီလိုဆင်ရမလားဟု ကျုံ့နေသော မျက်ခုံးအစုံအပြင်၊ တွန့်နေသော နှုတ်ခမ်းများဖြင့် တဗျစ်တောက်တောက် ပြောတော့သည်။ နောက်ဆုံးတွင် ဈေးမှ အနွေးထည်၊ ခြေအိပ်၊ ဘောင်းဘီရှည်၊ ဖိနပ် အစရှိသည်တို့ကို ၀ယ်ကာ ၀တ်ဆင်ပြီးမှ ညက်ခုံးအကျုံ့လည်း လျော့လေသတည်း။

မျက်ခုံးအကျုံ့၊ မိုးအစိုတွင် ကျွနုပ်လည်း ကင်မရာမကိုင်ရဲသည်ဖြစ်ရာ ဤဈေးပုံများလည်း မှတ်တမ်းမတင်ခဲ့ရပါ။ စင်္ကာပူ ဘူးဂစ်စ်တွင်ရှိသော ပေါချောင်ကောင်း ပစ္စည်းလေးများကို ပါဆာမာလန်းလို ခင်းကျင်းရောင်းရာနေရာဖြစ်ပါသည်။ နောက်မှသိရသည်မှာ Hay market ဆိုပါသည်။

ဈေးအပေါ်ထပ်တွင် ကလေးကစားရုံရှိရာ ဦးခြိမ့်က ခလေးများနှင့်အဖေများကို ဤနေရာတွင် ထားခဲ့ကာ အမေများ ဈေးပတ်နိုင်သည်ဟုပြောရာ ဟေ့ တို့ခေတ်ရောက်ပြီကွ ဟုဆိုကာ လက်ခမောင်း ထ'မခပ်ရုံတမယ် အန်တီဆွိမှာကား ရေထဲလွှတ်သော ဆူဠ လိပ်ကဲ့သို့  ရှော့ပင်းပတ်နေလေတော့သည်။

တစ်နေရာတွင် Esprit မှ ၅၀% ဒစ်စကောင့် ချသည် တွေ့ရာ ဆိုင်ထဲဝင်ကာ ဘာလေးများ သင့်တော်တာ တွေ့မလဲဟု ဟိုဟိုဒီဒီ ကိုင်အကြည့်တွင် ဈေးနှုံးမှာ နဂို $120 ကို $49.90 ကပ်ထားရာ အနှီ ၅၀ သည် ချပြီးလား၊ မချခင်လား မသေချာ။ Esprit မှ ဂျင်းဘောင်းဘီသည် အန်တီဆွိ၏ ဖေးဗရိတ်ဖြစ်ရာ ၀ယ်လျှင် ကောင်းမည်လား၊  မ၀ယ်လျှင်ကာင်းမည်လား စဉ်းစားနေစဉ် အရောင်းစာရေးမ တွေ့၍ မေးကြည့်ရာ ၅၀သည် နောက်ထပ် ၅၀% ဒစ်ကောင့် ထပ်ရမည်ဆိုသည်။ သို့နှင့် ဂျင်းဘောင်းဘီ တစ်ထည် ၂၅ကျပ်နှင့်ဝယ်မည်ဆုံးဖြတ်ရာ ဂျင်းဘောင်းဘီတွေ အထပ်လိုက်ကြီး၊ အပုံလိုက်ကြီးမှ စိတ်ကြိုက်ရွေးလေတော့သည်။ (ထို Esprit သည် factory outlet  store ဖြစ်ပါသည်။)

ပြသနာမှာ ဘောင်းဘီတွေက European ဆိုဒ်တွေဆိုတော့ ရှည်နေသည်။ Fitting room ထဲ Try ရင်း  Try ရင်းဖြင့် အတန်ကြာသွားသည်ဖြစ်ရာ ယောက်ျားနှင့် ခလေးကို ဖြတ်ဆို သတိရလာသည်။ ဖုန်းကလဲ အိမ်တွင် မေ့ကျန်ခဲ့သည်။ အချိန်ကလည်း ဤဆိုင်ထဲမှာပင် ၁နာရီခန့်ရှိလေပြီ။  အဲဒီကျမှ သူတို့တွေ လိုက်ရှာလို့ မတွေ့ရင် ဒုက္ခပဲဆိုကာ စိတ်ကထင့်နေစဉ် " ဆွိဆွိ ရေ " " ဆွိဆွိရေ " ဆိုသည့် အပြင်မှ (တောထဲမှာ လူပျောက်လျှင် အော်ခေါ်သကဲ့သို့) အသံကြားမှ "အစ်မရေ ကျွန်မ ဒီထဲမှာရှိတယ်"ဆိုကာ အသံပေးရလေသည်။ နောက်ဆုံး ဒီလောက်ဆို တော်သင့်ပြီဟု ကိုယ့်စိတ်ကို ချွန်းအုပ်ကာ  စိတ်ကြိုက် သရီးကွာတားလေးတစ်ထည် ၂၂ကျပ်ခွဲနှင့် ၀ယ်လာပါတော့သည်။


မတားနှင့် ... နာ့ကို လာမတားနှင့်။ ကြွားမှာပဲ ...  ကြွားမှာပဲ ...း)
အပြင်ရောက်မှ သိရသည်မှာ သူတို့တွေ ဆွိဆွိတီ ပျောက်လို့ လိုက်ရှာရာ၊ ဈေးကောင်စီသို့ပင် တိုင်ရမည်လား စဉ်းစားနေကြစဉ် အဖော်အစ်မမှ ဒီဆိုင်ထဲနောက်ဆုံးဝင်သွားသည်ကို သတိရကာ လာရှာခြင်းဖြစ်ပါသည်။ အန်တီဆွိသည် ရှော့ပင်းဆိုလျှင် ဤသို့ ထမင်းမေ့၊ ဟင်းမေ့၊ ယောက်ျားမေ့၊ သမီးမေ့ ဖြစ်တတ်ပါသည်။ ညက်မှောင်ကျုံ့ကြီးနှင့် တစ်ခါထပ်ရင်ဆိုင်ရမည်လား တွေးကာ အတတ်နိုင်ဆုံး ညက်နှာချိုသွေးထားရပါတော့သည်။

ဟိုရောက်တော့ သမီးနှင့် ဂိမ်းတစ်ခုတွင် မဲဆော့နေ၍ ညက်မှောင်ကျုံ့ရန် မေ့နေလေရာ တော်ပေသေးသည်ဟု သက်ပျင်းချရ၏။ သူတို့သားအဖတွေ ဂိမ်းမျိုးစုံဆော့ ကြသည်။ တစ်နာရီခွဲအတွင်း အတော်ဆော့ပြီးပါပြီ။ တိုက်ကားလဲ စီးကြသေးသည်ဆိုသည်။


ဆော့ရင်းဖြင့် ကပ်ပြားထဲလဲ ပိုက်ပိုက်ကုန်ပြီဖြစ်ရာ နေ့လည် ၃နာရီခွဲလောက် ဟေးမားကတ်မှ ပြန်ခဲ့ကြပါသည်။ လမ်းတွင် ခလေးများလည်း ဗိုက်ဆာလာပြီဖြစ်၍ သူတို့အကြိုက် KFC ၀င်စားကြသေးသည်။

စားသောက်အပြီး Central ဘူတာ (ဘူတာကြီး) သို့ ၅မိနစ်မျှ လမ်းလျှောက်ကြသည်။ 

ဘူတာကြီးမှာ နာရီတွေ၊ နာရီတွေ  ပေါသည်။



လွန်ခဲ့သော ၄-၅-၁၀နှစ်က စင်္ကာပူမှာကဲ့သို့ ကပ်ပြားအပျော့လေးများ သုံးနေဆဲဖြစ်ပါသည်။


အထဲရောက်ပြီးမှ ဘယ်စင်္ကြံလဲ၊ ဘယ်ရထားလဲ ကြည့်ရသည်။

လှေခါးအဆင်းလမ်းဘေးတွင် နေ့ခင်ကြောင်တောင် အိပ်နေသူအချို့။





နေသည့်နေရာတွေက မတူသည်ဖြစ်ရာ ခလေးများ အတူစီးပြန်နိုင်သည့် ရထား အရင်ရွေးကြသည်။
ရထားပေါ်တွင် ဆော့လို့ ရသလောက်တော့ ဆော့ကြသေးသည်။


နောက်ထပ်ရထား ပြောင်းစီးရန် ရထားစောင့်ရပြန်သည်။ (စောင့်ချိန် ၁၁ မိနစ်) 

ရထားစောင့်နေစဉ် အမြန်ရထားတစ်စီး ဆိုက်လာသည်။



ရထား အလံဖြူ ချိုးသည့်စံနစ် ခုချိန်ထိ ရှိသေးသည်။ အလံဖြူထောင်ပြမှ ရထားထွက်တော့သည်။
ရထားထွက်သွားပါပြီ။


ရထားလမ်း အကာအရံမရှိပါ။ ကာရံလည်း စိတ်ကူး လုံးဝ လုံးဝ မရှိပါ။ (စလုံး ကို သတိရမိပါသည်)


ရထားများသည် အပေါ်မှ ကြိုးများဖြင့် လျှပ်စစ်ဓာတ်ရယူသည် ဆိုသည်။


ရထားဆိုက်လာတော့ ထုံးစံအတိုင်း ခရီးဝေး အမြန်ရထားဖြစ်နေရာ ဟိုဒီလှည့်ပတ်ရှာရာ  ထိုင်ခုံနေရာမရှိတော့ပါ။ သားအမိ၊သားအဖ၃ယောက် ရန်ကုန်မန္တလေးရထားခိုးစီးသူများ၊ လက်မှတ်မဲ့များသဖွယ် လှေခါးနားတွင် ငုတ်တုတ်ထိုင်ကြရလေရာ ၅မိနစ်သာကြာပါသည်၊ နောက်တစ်ဘူတာ East Wood သို့ ရောက်လေသတည်း။

16 comments:

  1. နံမယ်ကျော် ညက်ခုံးမွှေး တွန့်ပုံလေးတော့ အရဲစွန့်ပြီး ရိုက်ထားသင့်တာပေါ့ဂျာ....))))

    ReplyDelete
  2. အဲလိုလေးတွေ ရေးတာ သဘောကျတယ်။

    အများပြည်သူကြည့်ရှုနိုင်ရန် ဦးခြိမ့် မျက်ခုံးမွှေးကို ရိုက်သင့်ကြောင်းပါ။

    ReplyDelete
  3. ဖတ်လို့ကောင်းလိုက်တာ တီဆွိရေ။

    ReplyDelete
  4. အော်စီကို စိတ်ကူးနဲ့ လည်သွားတယ်ဗျိုးးး

    ReplyDelete
  5. ဦးရှိမ့်ရဲ့နံမယ်‌ကျော်ညက်ခုံး‌မွေးကြီးကျုံ့သထက်ကျုံ့..နှုတ်ခမ်း‌မွေး..အဲ
    ‌လေ..နှုတ်ခမ်းတွန့်သထက်တွန့်လာတဲ့ပုံကြိုကည်ြ့ပီးသကာလ.. မဆွိရဲ့မန်ကျည်းရွက်‌လောက်ရှိ‌တော့မဲ့ညက်နှာ‌လေးကိုမြင်‌ယောင်မိသွားပါ
ေ ကြာင်း...။

    ReplyDelete
  6.ိညက်ခုံးမွှေးရှုံ့ရှုံ့ကြီးကို ညက်လုံးထဲမြင်မိအောင်ရေးထားတာ ရယ်မိတယ်အစ်မရေ..။ အန်တီမာမာအေးပုံလေးတွေ့တော့ သူ့သီချင်းလေးတောင် ညည်းမိသွားရတယ်..။

    ReplyDelete
  7. အချိန်ပိုလေးတွေကို တန်ဘိုးရှိရှိအသုံးချသွားတာ အကောင်းဆုံးပဲ စွိတီရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ရေးထားတာလေးက ဟာသလေးနဲ့ ဖတ်လို့ကောင်းတယ် အစ်မရေ။ မျက်ခုံးအတွန့် မိုးအစိုမှာ ကင်မရာမကိုင်ရဲတာကို တွေးကြည့်ပီး ရယ်မိနေတာ။ နာရီကြီးတွေက မိုက်တယ်နော်။
    (လီယို)

    ReplyDelete
  9. အော်ဇီက ဂျာမနီနဲ့ နဲနဲဆင်တယ် တီဆွိရေ..ရထားတွေ နာရီတွေ ဖလက်ဖောင်းနဲ့ လမ်းဘေးအိပ်နေတဲ့ သူတွေပေါ့..
    ဖတ်လို့ အရမ်းကောင်းတယ်..
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  10. ရထားပေါ်မှာ ဆော့နေတဲ့ ချာတိတ်မလေးဂျူးဂျူးတို့ကိုကြည့်ပြီး ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတာ သွားသတိရမိတယ်။ သူတို့ဆီက ဒီလောက် သန့်ရှင်းနေတဲ့ ဘူတာတွေမှာလည်း အိပ်နေတဲ့သူရှိတာပါဘဲလားနော်။ ဘောင်းဘီဆိုဒ်ကိုကြည့်ရတာ တီဆွိက မဝပါဘူး။ အနေတော်လေးဖြစ်မယ်

    ReplyDelete
  11. အဲဒီမျက်မှန်ကြီးနဲ့ အကိုကြီးရဲ့အကြင်နာမျက်လုံးလေးတွေ ရဲ.အထက်မှာ နာမည်ကျော် ညက်ခုံးမွေး ရှိပါလား....

    ReplyDelete
  12. ဒီပုံတွေထဲကဦးခြိမ့်က အနော်တို့တီချွိလောက်နီးနီး နယ်ရွယ်နုကျိုနေသလိုပဲနော်..။ အဲဒါပြောဖို့မေ့လို့ လာပြောတာ..။

    ReplyDelete
  13. တီတီဆွိ ရေးတတ်လိုက်တာ...

    ReplyDelete
  14. နာမည်ကျော် မျက်ခုံးမွှေးလည်း ကျုံ့သထက် ကျုံ့လာကာ အမေလုပ်သူကို ရန်လုပ်လေတော့သည်။ - ရယ်လိုက်ရတာ
    အမေများ ဈေးပတ်နိုင်သည်ဟုပြောရာ ဟေ့ တို့ခေတ်ရောက်ပြီကွ ဟုဆိုကာ လက်ခမောင်း ထ'မခပ်ရုံတမယ် အန်တီဆွိမှာကား ရေထဲလွှတ်သော ဆူဠ လိပ်ကဲ့သို့ ရှော့ပင်းပတ်နေလေတော့သည်။
    - အသံတွေတောင်အကျယ်ကြီးထွက်အောင်အော်ရယ်မိတယ်ဒီနေရာမာ

    ခရေဖြူ

    ReplyDelete