Saturday, September 10, 2011

ငယ်ငယ်က လိုင်းစစ် ၊ ခုတော့ Inspection

ဟိုတစ်လောက စာတစ်စောင်ဖတ်ပြီး ဦးခြိမ့်က " အိမ်ကို Inspection လာမယ်တဲ့ မိန်းမရေ" ဆိုတော့ ပထမတော့ သိပ်နားမလည်။ ဘာကို Inspect လုပ်မှာလဲ၊ ဘယ်သူက လာစစ်မှာလဲဆိုတော့ အိမ်ငှါးတဲ့ Agent က ၆လကို တစ်ခါလောက် အိမ်တွေကို လိုက်စစ်သတဲ့။ အိမ်ငှါးတွေဟာ အိမ်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားရဲ့လား၊ အိမ်မှာ ဘာပစ္စည်းတွေ ပျက်စီးနေလဲ၊ ဘာတွေ ပြင်ပေးရမလဲ အစရှိသဖြင့် လိုက်စစ်တာတဲ့ဗျ။ အဲဒီတော့ အိမ်မှာ သန့်သန့်ရှင်းရှင်းမရှိဘူးဆို နောက် ကန်ထရိုက် အသစ်တိုးတဲ့အခါ အိမ်ရှင်(သို့) ပွဲစားက မကျေမနပ်ရင် ထပ်တိုးမပေးတော့ဘူးတဲ့ ခင်ည။ စင်္ကာပူမှာ အိမ်ငှါးဘ၀နဲ့ ၄-၅နှစ်နေခဲ့ပေမဲ့ ဒီလိုဟာမျိုး တစ်ခါမှ မကြုံဘူးခဲ့ပါဘူးဗျာ။ ခုလို ဒီမိုကရေစီအပြည့်ရတဲ့ နိုင်ငံကျမှပဲ (ဆိုင်ဆိုင် မဆိုင်ဆိုင်ဆွဲထည့်လိုက်ပြီဂျား))ငယ်ငယ်က ၀န်ထမ်းတန်းလျားမှာနေတုံးက လူကြီးတွေ အိမ်လိုက်စစ်သလိုမျိုး ပြန်ကြုံရတော့တယ်။

လာစစ်မယ်ဆိုတော့ အန်တီဆွိတို့လဲ အိမ်ကို ပြောင်လက် သန့်ရှင်းနေအောင် လုပ်ရတော့တာပေါ့ဗျာ။ မဆွိတီလဲ အစထဲက အလုပ်မလုပ်ပဲ full time အိမ်ရှင်မဆိုတော့ အိမ်ကို တတ်နိုင်သမျှ သန့်ရှင်းအောင်တော့ ထားပါတယ်။ ဒါပေမဲ့ ခုလို စစ်မယ်၊ ဆေးမယ်ဆိုတော့ နဂိုက Kia su မဆွိတီဟာ ကြောက်လန့်ပြီး အိမ်ကို ပိုပြီးပြောင်လက် တောက်ပအောင် ရှင်းပါတော့တယ်။ မှန်ပြတင်းတွေ၊ မှန်တံခါးတွေကို ပြောင်လက်နေအောင် သုတ်၊ အိမ်ကရှိသမျှ နံကပ် ဘီရိုတွေ၊ နံကပ်ကြောင်အိမ်တွေကို ပြောင်လက်နေအောင်သုတ်၊ အိမ်ကြမ်းခင်းကို ဖုန်အထပ်ထပ်အခါအခါစုတ်၊ ကျောက်ပြားတွေကိုလဲ နဂိုထက် ဖြူဖွေးနေအောင်တိုက်၊ အိမ်အပြင်ဖက်က အမှိုက်တွေကိုလဲ တစ်စမကျန် ပြောင်အောင်ရှင်းနဲ့ တော်တော်တော့ ပင်ပမ်းသွားတယ်။ အရေးထဲ ဂျူဂျူကစားတဲ့အခန်းက carpet ကြမ်းခင်းမှာ သူကစားတဲ့ ဆေးအမဲတွေဖိတ်ပြီး စွန်းနေလို့ ချွတ်ဆေးဝယ်ပြီး တော်တော်လေးကို ဖျက်လိုက်ရသေးတယ်။ မောချက်တော့ ၀ှူး ...

အဲဒီစစ်တဲ့နေ့ရောက်တော့လဲ ဒီလောက်ကြီးလဲမဟုတ်ပါဘူးဗျာ။ အေးဂျင့်အမျိုးသမီးတစ်ယောက်တည်း ချောက်ချီးချောက်ချက်လေး လာကြည့်ပြီး ဓာတ်ပုံလေးတွေ ရိုက်သွားတယ်။ ငယ်ငယ်က လိုင်းစစ်လို အရာရှိကြီး၃-၄ယောက်အပါအ၀င် နောက်လိုက်နောက်ပါ ၅ယောက်လောက်နဲ့ ခန်းခန်းနားနား လာစစ်တာမျိုး မဟုတ်ဘူးလို့ ဆိုလိုတာပါ။ အိမ်ကအရမ်းကို ပြောင်လက်သန့်ရှင်းနေတော့ အေးဂျင့်ကတော့ သူတို့ ထုံးစံ "Woh ... so clean ... " " Beautiful " " Very nice" " The owner will be very happy" ဆို တော်တော်တော့ ကျေနပ်သွားပါတယ်။ ဟမ်မလေး တော်တော်လဲ ရှင်းလိုက်ရတာကိုးဂျ။ နောက် ဘာတွေ ပြင်စရာရှိသလဲမေးတယ်။ ရေပိုက်တွေမှာ ရေနဲနဲ စိမ့်ထွက်နေတာကို သူကိုယ်တိုင်တွေ့သွားတော့ ကိုယ်က ကိစ္စမရှိပါဘူး ကျပ်ကျပ်လေး ပိတ်လိုက်ရင်ရပါတယ်ဆိုတာကို မရဘူးဗျာ။ ဇွတ် အဲဒါတွေ ပြင်ပေးမယ်ဆို သူ့ဘုတ်အုပ်ကြီးထဲ မှတ်သွားတယ်။ နောက်တစ်ပတ်လောက်နေတော့ plumber တွေ ရောက်လာပြီး အေးဂျင့်က လွှတ်လိုက်တာဆို လာပြင်ပေးသွားပါသဗျား။

အဲသမှာ စောနက ပြောတဲ့ မဆွိတီတို့ ငယ်ငယ်က လိုင်းစစ်အကြောင်း ပြောရဦးမယ်။ အန်တီဆွိတို့ ထုံးစံအတိုင်းလျှာရှည်ဦးမယ်ပေါ့ဗျား)။ မဆွိတီတို့ ငယ်ငယ်က ပြောဖူးသလို အဖေ၊အမေက အချိန်ပြည့် ၀န်ထမ်း ရုံးသွားနေရတော့ အိမ်မှာ ခလေး ဘုစုခရု ၄ယောက်ရယ်၊ အဘွားရယ်ပဲ ကျန်ခဲ့တာဆိုတော့ အဘွားက ဒီခလေးတွေ ဝေယျာဝစ္စလဲလုပ်ပေးရ၊ ထမင်းဟင်းလဲချက်၊ ဈေးလဲသွား ဆိုတော့ အိမ်ကို သန့်ရှင်းသပ်ရပ်အောင်တော့ ဘယ်ထားနိုင်မလဲဗျာ။ နောက်တစ်ခုက အမေတို့ အဘွားတို့ကိုယ်တိုင်က တောရွာကလာတော့ သူတို့ထုံးစံ သပ်သပ်ရပ်ရပ် မနေတတ်တာလဲပါတယ်။ အိမ်က သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် မရှိတာတော့ အမှန်ပဲဗျာ။ အကိုတွေကလဲ အိမ်သန့်ရှင်းရေး ၀ိုင်းကူလုပ်မပေးကြတော့ မဆွိတီလေး သိတတ်လာပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ရောက်မှပဲ အိမ်က နဲနဲသန့်ရှင်းတော့တယ်။

အဲဒီတုံးကလဲ လိုင်းစစ်က ၆လကို တစ်ခါလောက်တော့ ရှိမလားမသိဘူး။ တပ်မှူးဦးဆောင်တဲ့ အရာရှိအဖွဲ့ဝင် ၄-၅-၁၀ယောက်လောက်က မိန်းမလိုင်း အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်စစ်ကြတာ။ တပ်မှုးပေါ်မှာလဲ မူတည်တယ်။ အသန့်သိပ်ကြိုက်တဲ့ သူဆို တစ်လတစ်ခါလောက်တောင် စစ်သဗျ။ တစ်ခါသား အသန့်ကြိုက်တဲ့ တပ်မှုးအသစ်တစ်ယောက်ရောက်လာတော့ သူ့စစ်ပုံစစ်နည်းက ဆန်းသဗျ။ အိမ်တွေက ပျဉ်ထောင်အိမ်တွေဆိုတော့ နံရံကို လက်ညှိုးလေးနဲ့ တို့လိုက်သတဲ့။ အဲသမှာ သူ့လက်မှာ ဖုံပေလာလို့ကတော့ ပက်ပက်စက်စက်ပြောတော့တာပဲတဲ့။ ဆိုလိုတာက အဲဒီလိုင်းစစ်ဆိုတာ တော်တော်တော့ နတ်ကြီးတယ်ဆိုတာ ပြောချင်တာပါ။ ဒီတော့ လိုင်းစစ်များရှိပြီဟေ့ဆို မဆွိတီတို့ မိသားစုတွေ ၀ိုင်းဝန်းပြီး အိမ်ကို သန့်ရှင်းရေးလုပ်ရတော့တာပဲ။ ခလေးတွေပါ မနေရ ၀ိုင်းလုပ်ရတာဆိုတော့ တော်တော်တော့ မှတ်မိနေတာ။ မှတ်မှတ်ရရ အိမ်တွေက ကြမ်းခင်းတွေဆိုတော့ အဲဒါတွေကို ပြောင်လက်နေအောင် အုန်းခွံနဲ့တိုက်ရတယ်။ နောက် သမဆိုင်ကရတဲ့ ရေနံဆီနဲ့ ဖယောင်းကို ရောကြို၊ ပြီးတော့ အ၀တ်နဲ့ လိုက်တိုက်ရတယ်။ ကြမ်းတွေက ပြောင်ချောနေတာ လမ်းလျှောက်ရင်တောင် ချော်လဲမတတ်ပဲ။ အဲဒါမဆွိတီတို့က အ၀တ်တွေပေါ် တစ်ယောက်ကတက်၊ တစ်ယောက်ကဆွဲနဲ့ ကစားသလိုပဲဆိုတော့ ကြမ်းတိုက်ရတာ သိပ်ပျော်ကြတယ်။

ဒီလိုပဲ ပစ္စည်းတွေ သိမ်းကြ၊ အ၀တ်တွေ လျှော်ကြ၊သိမ်းကြ၊ အိမ်ရာတွေ ရှင်းကြ၊ မီးဖိုချောင် သန့်ရှင်းကြ၊ မှန်တွေတိုက်ကြ၊ ကြမ်းတွေ တိုက်ကြနဲ့ အတော်ကြာ မရှင်းပဲ ရှုပ်ပွ ညစ်ပတ်နေတဲ့ အိမ်ကို တစ်ယောက်တစ်လက် မိသားစုတွေ သန့်ရှင်းကြတာမှာ လိုင်းစစ် စစ်မဲ့နေ့ရောက်တော့ အိမ်ဟာ ရှင်းလင်းပြီး ပြောင်လက်တောက်ပနေပြီ။ မဆွိတီစိတ်ထဲမှာ အဲဒီအချိန်ဆို အိမ်ကရှင်းနေတော့ နေရတာ သိပ်ကိုသဘောကျတယ်။ အိမ်က အဲလိုသာ အမြဲရှင်းနေရင်ကောင်းမှာပဲလို့ လဲ တွေးမိတယ်။ နောက်ပြီး အဲဒီနေ့မှာ တပ်မှုးလာစစ်မှာဆိုတော့ လူကြီးတွေလဲ သပ်သပ်ရပ်ရပ် ၀တ်စား၊ ခလေးတွေကိုလဲ အင်္ကျီအသစ်လေးတွေ သပ်သပ်ရပ်ရပ်ဝတ်ပေးလေ့ရှိတယ်။ လိုင်းစစ်အဖွဲ့တော့ ခုဘယ်ရောက်နေပြီ၊ ဘယ်အချိန်တို့လိုင်းရောက်မယ်ဆို သတင်းစကားပါးသူတွေလဲ ရှိတယ်။

ကိုယ့်အိမ်အလှည့်ရောက်ပြီဆို အိမ်ပေါ်ကနေ လူကြီးကို အပြုံးနဲ့ ကြိုဆို နှုတ်ဆက်ရတယ်။ လူကြီးအပါအ၀င် အရာရှိကြီးတွေဟာ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်စစ်၊ မေးစရာရှိတာမေး၊ မကြိုက်တာရှိတာပြော၊ ဆူစရာရှိဆူ၊ ဘေးက မှတ်စရာရှိတဲ့ သူက လိုက်မှတ်ပြီး ကိုယ့်အိမ်အလှည့်ပြီးပြီပေါ့ဂျာ။ အိမ်ရှင်များကလဲ ကိုယ့်အိမ်အလှည့်ပြီးမှပဲ ဟင်းချနိုင်တော့တယ်။

အဲသမှာ လိုင်းစစ်နဲ့ ပတ်သတ်ပြီး မဆွိတီ ၄-၅နှစ်လောက်က အဖြစ်တစ်ခုကိုသတိရတယ်။ မဆွိတီငယ်ငယ်က အလွန်စိတ်ကောက်သန်သဗျ။ ထစ်ကနဲရှိဆို ချောင်တစ်ခုမှာ သွားကောက်နေပြီ။ ချော့မယ်သူ မလာမချင်း နှုတ်ခမ်းကြီးစူပြီး ကောက်နေတာ။ အဲဒါ အမျိုးထဲမှာလဲ နာမည်ကြီးဗျ။ ခုကြီးတဲ့အထိကို အမျိုးတွေက တွေ့ရင် "ဟဲ့ အဲဒါ ဘုတ်အီးမ မလား။ ငယ်ငယ်က စိတ်ကောက်တဲ့ ကောင်မလေးမဟုတ်လား"ဆို မေးရတဲ့ အထိ။ အဲဒါ တစ်ခါသား လိုင်းစစ်ရှိတော့ မဆွိတီက အင်္ကျီအသစ် ဂါဝန်လှလှလေးဝတ်ချင်တာ။ အမေက တခြားအင်္ကျီပဲ လဲပေးတော့ စိတ်ကောက်ပြီး အင်္ကျီအလဲမခံပဲ ကိုယ်တုံးလုံးလေးနဲ့ လှဲပြီး အိမ်ရှေ့က ဘီရိုရှေ့မှာ စိတ်ကောက်နေတာ။ ဘောင်းဘီတော့ပါမယ်ထင်ပါရဲ့ဂျာ။ ဘီရိုကို ဖင်နဲ့ ကပ်ပြီး လှဲနေတာတဲ့။ အမေကလဲ ဘာလို့လဲ မသိဘူးဗျာ။ မလဲပေးဘူး။ မဆွိတီပဲ ဆိုးလွန်းလို့လား၊ အလုပ်ပဲ ရှုပ်လို့လားမသိ၊ လာလဲ မချော့ဘူးဗျ။ အဲဒါ ဟိုလိုင်းစစ် စစ်တဲ့ လူကြီးတွေ လာတဲ့ အထိ ဒီတိုင်းပဲ ကောက်နေတာ။ ခလေးလေး အင်္ကျီကိုယ်လုံးတီးလေးနဲ့ ဘီရိုရှေ့ လှဲနေတာတွေ့တော့ အရာရှိအကြီးဆုံးက မေးသတဲ့။ ခလေးဘာဖြစ်တာလဲဆိုတော့ အမေက သူဝတ်ချင်တဲ့ ဂါဝန် ၀တ်မပေးလို့စိတ်ကောက်နေတာလဲ ပြောရော၊ အရာရှိကြီးက ရယ်လိုက်တာတဲ့ဗျာ ခွက်ထိုးခွက်လန်ပဲတဲ့။ ပြီးတော့ ခလေးကို လဲပေးလိုက်ပါလို့ပြောတာပေါ့ဗျာ။ အဲဒီနေ့က လိုင်းစစ်သမားတွေ ခလေးကိုကြည့်ပြီး အခန်းတွေကိုတောင် မစစ်တော့ပဲ ရယ်ရယ်မောမောနဲ့ ပြန်သွားကြပါရောတဲ့ဗျာ။ ။

13 comments:

  1. very please to read all your post..
    thanks a lot

    ReplyDelete
  2. တို့ ငယ်ငယ်ကလဲ အဲလို ကြမ်းတိုက်ဖူးတယ်ဆွိရေ... စကားမစပ်... အသက်ကြီးတဲ့အထိ အဲလိုစိတ်ကောက်သေးလား8-)

    ReplyDelete
  3. ဟီးဟီး . .ပျော်စရာကြီးးးးးးးးးးးး

    ReplyDelete
  4. ခုအရွယ်ထိ ဦးခြိမ့်ကို စိတ်ကောက်ရင် ဘီရိုအရှေ.မှာလှဲပြီး ဆန္ဒပြသေးလား၊

    ReplyDelete
  5. ခုရော ဦးခြိမ့်နဲ့ စိတ်ဆိုးရင် အဝတ်မဝတ်ဘဲဘီဒိုနားကပ်ပီး ချိတ်ကောက်တေးလားဟင် တီဆွိ ဟိ။
    ဖတ်လို့ ကောင်းလိုက်တာ ပျော်စာကြီး။

    ReplyDelete
  6. အမစာတွေဖတ်ရတာ ကြိုက်တယ် ရိုးရိုးသားသား ပွင်.ပွင်.လင်းလင်းနဲ. ကြွားဝါဟန်ဆောင်တာတွေ မရှိလို.လေ.. ကိုယ်.နဲ.အရမ်းရင်းနှီးတဲ.သူ ကိုယ်.နားမှာ သူ.အကြောင်းတွေပြောနေသလို ခံစားရတယ်

    ReplyDelete
  7. မမဆွိရေ.... လာဖတ်သွားတယ်။ အင်း လိုင်းစစ်တစ်ခုတည်းတင်မဟုတ်ဘူးမမရေ။ တစ်ခါတစ်လေ NEA ကလာစစ်သေးတယ်။ ဘယ်ကထွက်လာတဲ့ခြင်မှန်းမသိပါဘူး။ အရာရှိမျက်နှာတည့်တည့် သွားတိုးလို့ ဖိုင်းဆောင်လိုက်ရတယ်။ ၂၀၀ တောင်။
    စိတ်ကောက်တတ်တဲ့ မဆွိရဲ့ ငယ်ဘဝလေးက ရယ်မောချင်စရာလေးပါရှင်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  8. အဲလိုလိုင်းစစ်မျိုး တပြည်လုံးမှာရှိရင်သိပ်ကောင်းမှာနော် မမရေ။ အခုတော့ နေပြည်တော်က ဝန်ထမ်းအိမ်ယာတခုမှာ အဝတ်တန်းမပါလို့ဆို ပြီး နံရံ နှစ်ဖက်ဖောက် ဝါးလုံးတန်းထိုးထည့်ထားတာကို တွေ့ခဲ့သူ ပြန်ပြောတော့ စိတ်ညစ်သွားမိတယ်။

    ReplyDelete
  9. မေသိမ့်ပြောမှ သတိရတယ်း)သားတို့ရဲ့ အိမ်ကိုလည်း ခြင်ရှိမရှိလာစစ်တဲ့အဖွဲ့ ဝင်သွားဘူးတယ်း) ခြင်ပေါက်နိုင်တဲ့ လှောင်ရေတွေမြင်ရင် ဒဏ်ကြေးရိုက်တတ်တယ်လို့ တူလေးကပြောတယ်း)။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. အဲဒီကလေးလေးရဲ့ ပုံကို မျက်စိထဲတောင်မြင်ယောင်တယ် ဟိဟိ
    အစ်မတို့အမေက အစ်မဆွိကို ကျေးဇူးတင်ရမှာ
    အစ်မကြောင့် သေချာမစစ်ဘဲ ပြန်သွားကြတာလေ နော်
    ဂျူးဂျူးလေးတို့သိရင် ဒီစိတ်ကောက်နည်းကို အတုခိုးမလားမသိနော်

    ReplyDelete
  11. တန်ခူး ZZZ နဲ့ Vista တို့ မေးတဲ့ မေးခွန်းတွေအတိုင်း ပြန်မေးသွားတယ်...
    ဖြေပါ... ဖြေပါ... :D :D :D

    ReplyDelete
  12. အန်တီသက်ဝေတို့ တန်ခူးတို့တွေ ဆိုးချက်။ ဒီအရွယ်ကြီးကျမှ ကိုယ်လုံးတီးကောက်ရင်တော့ ခွေးဝင်ဆွဲတော့မှာပေါ့း)

    ကြီးလာတော့ စိတ်ကောက်တာ ကောက်တဲ့သူပဲ ခံရတယ်ဆိုတာ သိလာတော့ မကောက်ဖြစ်တော့ပါဘူး။

    ချော
    ဂျူဂျူလေးကလဲ ကောက်ပါ့။ တစ်ခုခုဆို မေမေ့ကို မခေါ်ဘူး ဆိုတာချည်းပဲ။
    အမေသွေးအပြည့်ပါတယ်။
    မေသိမ့်
    ခုလဲ အဲလိုလိုင်းစစ်တွေ ရှိသေးတာပေါ့။ ဖိုင်း ၂၀၀ ဆိုတာ မြန်မာငွေလားဟင်။ NEA ဆိုတာ ????

    လာလည်ကြသူတွေအားလုံး ကျေးဇူးပါပဲဂျာ။

    ReplyDelete
  13. တီတီဆွိဆွိ

    စာတွေအရမ်းဖတ်လို့ကောင်းတယ်
    ဖတ်ပြီး ရီရ ပြုံးရနဲ့ တအားပျော်စရာကောင်းတယ်
    ဗဟုသုတလည်းရတယ်
    များများရေးပါနော်

    အမြဲအားပေးနေတယ်ဆိုတာ သိစေချင်တယ်
    မီးငယ်လေး

    ReplyDelete