Monday, October 19, 2009

ဂျူဂျူနဲ့ ရုပ်ရှင်ကြည့်ခြင်း



ဟိုတစ်လောကပေါ့။ ဟိုတစ်လောကဆိုပေမဲ့ ကြာတောင်ကြာနေပါပြီ ။ Ice age (III)(Dawn of the Dinosaurs) ရုံတင်တုံးက သားအမိသားအဖတွေ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုံရောက်တော့ ဖအေလုပ်သူက Transformers ကြည့်ချင်တယ်ဆိုပြီး တခြားရုံကူးသွားတယ်။ မဆွိတီတို့သားအမိ၂ယောက်က တစ်ရုံပေါ့ ။ မဂျူဂျူကတော့ ပထမဆုံးသူ့ကို သေချာလိုက်ပြတာဆိုတော့ သူ့ကိုယ်သူ လူကြီးဖြစ်ပြီ လူရာဝင်ပြီလို့ ထင်နေတယ်။ ရုံထဲမဝင်မီ တစ်တောင်နီးပါးလောက်ရှိတဲ့ ပေါက်ပေါက်ပုံးကြီးကိုင်ပြီး ပြုံးပြုံး ... ပြုံးပြုံးနဲ့ ကျေနပ်နေပုံများ မြင်စေ့ချင်တယ်။

အထဲရောက်တော့လဲ သူမမြင်ဘူးတာတွေကို တတွတ်တွတ် အမေကို မေးတော့တာပဲ။ နောက်ရုပ်ရှင်စပြ၊ ကြော်ငြာကားတွေထိုးတော့ သူအဲဒီကားတွေလာလဲ ကြည့်ဦးမှာနော်တဲ့။ ခုထဲက စရံက သတ်နေပြီ။ အဲဒါဆိုလဲ သမီး ရုပ်ရှင်နာမည်တွေ သေချာမှတ်ထားနော်။ နောက်ရုံတင်ရင်ကြည့်ရအောင် ဆို ပြောရတယ်။ ကြော်ငြာကားတွေထဲမှာ မျက်လုံးကြယ်သီးနဲ့ အရုပ်မကားလေးပြတယ်။ အမေလုပ်သူရဲ့ မျက်လုံးက ကြယ်သီးနဲ့လုပ်ထားတာ။ သမီးက ရိုးရိုးမျက်လုံးပဲဆိုတော့ အရုပ်မလေးကို သူ့သမီးမဟုတ်ဘူးလို့ ပြောနေတဲ့ အခန်း။ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာလေး။ သနားစရာလေး။ ကားနာမည်က Coroline တဲ့လေ။ သမီးကို သေချာမှတ်ခိုင်းထားရတယ်။

ဒါနဲ့ကားကြီး စပြတော့လဲ သူအတော်ကိုသဘောတွေ့ပါတယ်။ ရုပ်ရှင်ကလဲ တော်တော်ကောင်းကိုး။ သူ Ice age (I) ကို ကြည့်တုံးက ၃-၄နှစ်လောက်ပဲ ရှိသေးတာ။ အဲဒီကတည်းက အထဲက ဇာတ်ကောင်တွေနဲ့ ရင်းနှီးနေတာ။ အဲဒီတုံးက ကျားကြီး ဒီရေဂိုးက ခလေးကို စားဖို့လှမ်းခုန်အုပ်လိုက်တဲ့ အခန်းဆို သူ့မှာငိုလိုက်တာ။ sid နဲ့ တခြားတိရိစာ္ဆန်တွေ ရေခဲပြင်ပေါ် လျှောစီးတော့လဲ သဘောတွေကျလို့။

ဒီ Ice age (III) မှာတော့ ခလေးအရမ်းချစ်တဲ့ ခပ်ပျော်ပျော် လူပျိုကြီး sid က ဒိုင်နိုဆောလေး ၃ကောင်ကို မွေးစားထားတာ။ ခလေးအမေ ဒိုင်နိုဆောမကြီး သူ့ခလေးတွေကို ပြန်ခေါ်ရင်းနဲ့ sid က ရောပါသွားတယ်။ sid ကို ဆင်ကြီးတို့ ဇနီးမောင်နှံနဲ့တကွ ဒီရေးဂိုးတို့က လိုက်ကယ်တဲ့ တောတွင်းဇာတ်လမ်းပေါ့။ ဆင်မလေးကလဲ ကိုယ်ဝန်နဲ့ နေ့စေ့ လစေ့ကြီး။ ခလေးမွေးတော့ ကျားကြီး ဒီရေဂိုးက မီးနေစောင့်ရတဲ့ အခန်းဆို ရယ်နေရတယ်။ မိဘမေတ္တာ၊ မိသားစုဆိုတဲ့ အဓိပ္ပါယ်၊ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း မိတ်ဆွေဆိုတာ၊ သူရဲကောင်းဆိုတာ အစရှိသဖြင့် သူ့နေရာနဲ့သူ သရုပ်ဖော်သွားတာ ခလေးတွေ ကြည့်သင့်တဲ့ ကားလေးပါ။

သမီးဂျူဂျူကတော့ ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြောက်စရာ အခန်းဆို မျက်နှာကို လက်ဝါးလေးနဲ့အုပ်။ ရယ်ရတဲ့ အခန်းဆို ပါးစပ်လေးကို လက်နဲ့ အသာကာပြီး ခိုးခိုးခစ်ခစ်ရယ်လို့။ အမယ် ... သူ့ရယ်သံက အိမ်မှာ TV ကြည့်ရင် ရယ်တဲ့ အသံနဲ့တောင် မတူဘူးရယ်။ သူလဲဇာတ်လမ်း နားလည်တယ်။ အများနည်းတူ သူလဲ လူရာဝင်ပြီဆိုတဲ့ သဘောမျိုး။ တစ်ခါတလေ လုပ်ရယ်လေး၊ ဘေးကကြားရအောင် ခပ်ကျယ်ကျယ်လေးပါဗျား။ တစ်ခါတစ်လေ သူ့ရယ်သံတစ်ခုတည်း အကျယ်ကြီး ထွက်လာသေးတယ်။

ရုပ်ရှင်သာပြီးသွားတယ် သူ့ခမျာ ပြန်ချင်ပုံမရဘူး။ သမီးဟာ ဒီလို ပေါက်ပေါက်လေး စားလိုက်၊ အအေးလေး သောက်လိုက်နဲ့ ဆေးရောင်စုံ မြင်ကွင်းကျယ်ကြီးနဲ့၊ အသံ effect တွေနဲ့ ၊ အဲကွန်းခန်းထဲ ကြည့်ရတာကို သူအရမ်းကိုကျေနပ်နေတာ။ နောက်တစ်ခေါက်ထပ်ကြည့်ဖို့ကလဲ တစ်လမ်းလုံး တတွတ်တွတ်နဲ့ ပြောလို့။ သမီးပျော်တော့ အမေလဲပျော်ပေါ့။

နောက်တစ်ပတ်ကျတော့ အဲဒီ ရုပ်ရှင်ကြည့်တဲ့ shopping centre မှာပဲ သားအမိနှစ်ယောက် KFC သွားစားကြတယ်။ KFC ဆိုင်မှာလဲ ရုပ်ရှင် ပရိုမိုးရှင်းဆိုပြီး ခလေးပရိတ်သတ်ကို ဆွယ်တဲ့အနေနဲ့ Ice age (III) ထဲက ဇာတ်ကောင် အရုပ်ကလေးတွေကို kids meal ဝယ်ရင် လက်ဆောင်ပေးတယ်။ ခလေးပရိတ်သတ်ကလဲ လာသူတိုင်း အရုပ်ကိုပဲ လက်ညှိုးထိုးကြတာချည်း။ မဂျူဂျူတို့လဲ ဘယ်နေမလဲ။ ခါတိုင်းစားနေကျဟာ မစားပဲ အရုပ်လိုချင်တာနဲ့ပဲ ခြေကိုဆောင့်ပြီး မအေကိုပူဆာတော့တာပဲ။ အရုပ်ကတော့ ဒိုင်နိူဆော အဖြူရောင်လေးရတယ်။

စားသောက်နေရင်းနဲ့ သားအမိနှစ်ယောက် ဒိုင်နိုဆောရုပ်လေးကြည့်၊ ပြီးခဲ့တဲ့ကားကို စမြုံ့ပြန်ကြပါရော။ "မေမေ ရှဉ့်က ရယ်ရတယ်နော် ... သူ့သစ်ကြားသီးကို သူ့ girl friend ဆီက လုစားတာ " " ဒိုင်နိူဆောလေးတွေက sid ကို သူတို့ မေမေလို့ ထင်နေတာ ... " အစရှိသဖြင့် ပြောနေကြရင်းနဲ့ မဂျူဂျူက " မေမေ ဟိုကားလာရင်လဲ ကြည့်ဦးမယ်နော် ..." တဲ့ ။ ဘာကားတုံးဆိုတော့ " မျက်လုံးမှာ ကြယ်သီးနဲ့ အရုပ်မကားလေ ... " တဲ့။ အဲဒီကား သမီးကို သေချာ မှတ်ခိုင်းထားတယ်လေ။ ကားနာမည် ဘာလဲဆိုတော့။ ဂျူဂျူ မမှတ်မိတော့ဘူးတဲ့။ ဖြစ်ချင်တော့ မအေလုပ်သူကလဲ မမှတ်မိဘူး။ လူနာမည် ဆိုတာတော့ သိတယ်။ Catherene လား ... ဘာလားဆို ... လူနာမည်တွေ ၃-၄မျိုး တစ်ခုပြီးတစ်ခု ရွတ်ကြည့်တော့လဲ ... ဟုတ်ဘူး ... ဟုတ်ဘူးနဲ့ ခေါင်းတရမ်းရမ်းနဲ့။ စဉ်းစားရတာ ဦးနှောက်ခြောက်နေကြပြီ။

နောက်ဆုံးတော့ မဂျူဂျူ မျက်လုံးလေးတောက်သွားတယ်။ သူအကြံရပြီဆိုပဲ။ ဒီကြော်ငြာတဲ့ကား နာမည်သိရအောင်များ သူဘာအကြံများ ရသတုံးဆို ကိုယ်တောင် အံ့သြနေတာ။ ဉာဏ်ကြီးရှင် မဂျူဂျူ ပြောလိုက်တာက

" အဲဒါဆိုလဲ ဂျူဂျူတို့ ခုအပေါ်တက်ပြီး အဲဒီကားပြန်ကြည့်ရအောင်လေ " တဲ့။

ကိုယ့်မှာ ရယ်လိုက်ရတာ။ ဘယ်အချိန်ထဲကများ ရုပ်ရှင်ပြန်ကြည့်ဖို့ ကြံနေတယ်မသိ။

7 comments:

  1. ဂျူဂျူအကြောင်းလာဖတ်တယ်

    ReplyDelete
  2. ချစ်စရာလေးနေမှာ

    ReplyDelete
  3. ဟား ဟား ဟား...
    မဆွီတီတို့ ဂျူဂျူနဲ့ကျမှ ခံရတာပဲ...
    သမီးလေးရဲ့ အတွေးက ချစ်စရာကောင်းလိုက်တာ...

    ReplyDelete
  4. မအေတူ တမီးလေးပဲ...
    မအေတူ တမီးလေးပဲ...

းဝ)

    ReplyDelete
  5. ဟဟ
    တော်လိုက်တဲ့ သမီးလေး
    ပညာလာယူမှဘဲနော် မမ

    ReplyDelete
  6. ဂျူဂျူလေးက ချစ်စရာနော်…
    တို့ လဲ တို့ သားကို ဂျူဂျူအရွယ်မြန်မြန်ရောက်စေချင်ပြီ…
    သားကို တခါမှ ရုပ်ရှင်မပြဖူးသေးဘူး… စမ်းကြည့်ဦးမှ…

    ReplyDelete