Friday, October 5, 2012

ကွမ်း၊ဆေးလိပ်နှင့် သင့်ကျန်းမာရေး ..



ကွမ်းယာနဲ့ ဆေးလိပ် ပြတ်သွားသူတစ်ဦးမှ ရေးသားပါသည်။
ပုံ/
တီတီဆွိ

 
 
(ပုံကို ဒီ လင့်ခ် ကနေ ယူပါတယ်)

ကျွန်တော့်လို ကွမ်းလဲစားဖူးပြီး ဆေးလိပ်ကိုလဲ နှစ်ပေါင်းများစွာ သောက်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ ကွမ်းမစားပါနဲ့ ဆေးလိပ်မသောက်ပါနဲ့လို့ တခြားသူကို အကြံပေး ဆုံးမစကားပြောမယ်ဆိုရင် တော်တော်လေးကို ကသိကအောက်ဖြစ်မှာ၊ ဒါမှမဟုတ် ကျွန်တော်ပြောတဲ့ စကားတွေကို အလေးအနက်ထားမှု နည်းပါးချင်လဲ နည်းပါးမှာပေါ့။ ဒါပေမဲ့လည်း အဲဒီလို ကွမ်းစား ဆေးလိပ်သောက်သုံးမှုကို ပြုလုပ်ခဲ့သူတစ်ယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အပြစ်တွေနဲ့ အဲဒီလိုကွမ်းမစား ဆေးလိပ်မသောက်ခြင်းကြောင့် အကျိုးကျေးဇူး ရရှိတာရယ်တွေကို တတ်နိုင်သမျှ ပြောပြချင်တာပါ။ တကယ်တော့ ကျွန်တော်က အသက် ၁၇ နှစ်အရွယ်ဘ၀မှာ သူငယ်ချင်းတွေ ဆေးလိပ်သောက်နေတာတွေ့လို့ ဆယ်ကျော်သက်တို့ဘာသာဘာဝ ဆေးလိပ်ကို ၀င်ရောက်ဖွာဖြစ်ရင်းကနေ အသက် ၄၂နှစ်အထိ ဆေးလိပ်သောက်လိုက်၊ ၃ လဖြတ် ပြန်သောက် ၆လဖြတ် ပြန်သောက်နဲ့ ၂၅နှစ်တိတိ သောက်ခဲ့တဲ့သူပါ။ အဲဒီဆေးလိပ်ကို ဖြတ်ချင်ရင် ကွမ်းစားပြီးဖြတ်ရင်ရတယ်လို့ ဆိုတာနဲ့ ကွမ်းစားပြီး ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကွမ်းစားတဲ့ စွဲမြဲခြင်းတစ်ခု ပိုမိုလာပြီး ဆေးလည်းမပြတ် ကွမ်းလဲမပြတ် ဖြစ်ရပြန်ပါတယ်။ 

 ကျွန်တော်ကွမ်းစားတဲ့ အချိန်မှာ အိန္ဒိယကလာတဲ့ ဆစ်ဂနယ်လို့ခေါ်တဲ့ ၃၅၀ဆေး၊ ဟန်ဒရက်လို့ခေါ်တဲ့ ၁၀၀ဆေး၊ ၉၂ ဆေး စသည်တို့နဲ့ ရောနှောစားခဲ့တာမဟုတ်ပဲ ဗမာဆေးရွက်ကြီးနဲ့ စားခဲ့တာပါ။ ကွမ်းဆိုတာ ကွမ်းရွက်၊ ကွမ်းသီး နဲ့ ထုံး ၃ မျိုးပေါင်းပြီး စားရင်တောင်မှ လူကိုတက်ကြွ လန်းဆန်းစေတဲ့ ဓါတ်သဘောမျိုး ဖြစ်စေပါတယ်။ Research လုပ်သူများရဲ့ အဆိုအရ ကွမ်းသီးမှာက ဆေးလိပ်လို စွဲလမ်းစေတဲ့ ဓါတ်တခုပါဝင်ပါတယ်။ အဲဒီဓါတ်သဘောတရားက ဦးနှောက်၊ နှလုံး၊ အဆုတ် ပန်ကရိယတို့ကို နှိုးဆွ အလုပ်လုပ်စေတတ်ပါတယ်။ ဒါအပြင် ကွမ်းသီးနဲ့ ထုံးတို့ ဓါတ်ပြုပြီး ထွက်လာတဲ့ oxidant က ပါးစပ်ကင်ဆာဖြစ်စေပါတယ်။ ဒါ့အပြင် အဲဒီ ကွမ်းယာထဲမှာပါတဲ့ ထုံးက မလိုလားအပ်ပဲ ဆဲလ်တွေကို ပွားစေလို့ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

အခုပြောပြခဲ့သလို ကွမ်းသီး၊ ကွမ်းရွက် နဲ့ ထုံး ၃မျိုးတည်းသာ စားသုံးတဲ့ လူမှာ ပါးစပ်ကင်ဆာဖြစ်နိုင်ခြေများနေချိန်မှာ ဒီထက်ပိုပြီး ဗမာဆေး၊ ဆစ်ကနယ်၊ ၉၂၊ ၁၀၀ စတဲ့ ဆေးမျိုးစုံတွေ ထည့်ပြီး စားသုံးလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ပါးစပ်ကင်ဆာ ဖြစ်ပေါ်လာဖို့ ပိုများလာတာပါပဲ။ ဒီထက်ပိုပြီး ဖြစ်တာက ကွမ်းယာထဲမှာ ထည့်သွင်းပြီး စားတဲ့ ဆေးတွေက ဆေးလိပ် (စီးကရက်) ထဲမှာထည့်တဲ့ ဆေးတွေကို အနံအရသာ ပြောင်းပြီး ထည့်သွင်းထားတာပါ။ ကွမ်းယာတစ်ယာမှာ အဲဒီးဆေးတွေကို စီးကရက်တစ်လိပ် သို့မဟုတ် တစ်ဝက်ခန့် ထည့်သွင်းပြီး စားသုံးတယ်ဆိုရင်ပဲ တစ်နေ့ကို ကွမ်းယာပေါင်း ၂၀ယာ ကနေ ၃၀ ယာ အထိ စားသောက်သူဆိုတာ တစ်နေ့ကို စီးကရက်တစ်ဗူး သို့မဟုတ် တစ်ဗူးခွဲ သောက်သုံးနေသူလို့ ဆိုလို့ရပါတယ်။ ဆေးလိပ်ရဲ့ ဆိုကျိုးလိုပဲ ကွမ်းယာထဲ ဆေးထည့်စားတဲ့သူရဲ့ ဆိုးကျိုးတွေကတော့

(၁) ပုံမှန်လူတွေထက် ၂၂ ဆ ပိုပြီး ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
(၂) အသက် ၃၀ မှ အသက် ၅၀ အတွင်း နှလုံးရောဂါနဲ့ အသက်ဆုံးရှုံးဖို့ ပိုများပါတယ်
(၃) ဒါအပြင် လေဖြတ်၊ သွေးတိုးစတဲ့ ရောဂါတွေဖြစ်ဖို့ သာမန်လူထက် နှစ်ဆခန့်ပိုများပါတယ်။
(၄) အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။

(ပုံကို ဒီလင့်ခ်ကနေ ယူပါတယ်။)
မသိသာတဲ့ ဆိုးကျိုးတွေကတော့
(၁) ကွမ်းစားတဲ့ သူများက ပါးစပ်မှာ အရောင်တွေစွဲကျန်ရစ်ပြီး သွားများကိုလည်း ညစ်ထဲစေတယ်။
(၂) သွားဖုံးများကိုလည်း အလျင်အမြန်ပျက်စီးစေပြီး အသက်အရွယ်မရောက်ခင်မှာ သွားများကျိုးစေပါတယ်။
(၃) ကွမ်းစားသူများက ချွေးထွက်များပြီး အနံဆိုးကို ဖြစ်ပေါ်စေတယ်။
(၄) ကွမ်းထဲမှာ ပါဝင်တဲ့ ထုံးဓါတ်က ကိုယ်ခန္ဓာထဲရောက်သွားပြီး ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

လွန်ခဲ့တဲ့ တစ်ရက်က အွန်လိုင်း ကြေငြာတစ်ခုမှာ တွေ့လိုက်တာက ကွမ်းယာကို တစ်နေ့ ၁၅၀၀ ကျပ်ဖိုး (ကွမ်းတယာ ဘယ်လောက်မှန်းတော့ ကျွန်တော်မသိပါ) ခန့် နေ့စဉ်စားသုံးလို့ ပါးစပ်ကင်ဆာဖြစ်တယ်ဆိုတာ ကြည့်လိုက်ရပါတယ်။ မျက်စေ့ထဲမြင်အောင်ပြောရရင် ပါးတခြမ်းကချိုင့်ဝင်နေတာ အရိုးခေါင်းကို လူရေခွံအုပ်ထားရုံ ချိုင့်ခွက်နေပါတယ်။ မျက်လုံးတစ်လုံးက အကြောလိုက်ပြီး ပိတ်နေပါတယ်။ တော်တော်လေးကို ဆိုးဝါးစွာ ဖြစ်နေတဲ့ မြန်မာလူမျိုးတစ်ယောက်ကို တွေ့လိုက်ရတာပါပဲ။

တခါတလေမှာ တန်ဆေး လွန်ဘေးဆိုတာရှိပါတယ်။ တစ်နေ့ ကွမ်း ၁၅၀၀ ကျပ်ဖိုးကုန်အောင် စားသုံးနေတဲ့သူက သူရဲ့ ပါးစပ်ထဲမှာ အဆက်မပြတ်ထည့်ထားပုံရပါတယ်။ ထိုကဲ့သို့ စွဲလမ်းမှုမျိုးဖြစ်လာရင် ဆရာဝန်နဲ့ ပြသပြီး ဆေးပြတ်အောင် ကုသသင့်ပါတယ်။



ကျွန်တော်လဲ ယခင်က ကွမ်းစားခဲ့ဖူးပါတယ်။ တစ်နေ့မှာ အလွန်ဆုံး ၅ယာခန့်ပေါ့။ များသွားရင် ၁၀ယာခန့် စားခဲ့ဖူးပါတယ်။ ဘာဆေးမှ မထည့်ပဲ ကွမ်း၊ ထုံး ကွမ်းသီးနဲ့ အာမွှေးဆိုတာပဲ ထည့်ပြီးစားပါတယ်။ အခု ကွမ်းမစားတာ နှစ်နှစ်ကျော်ပါပြီ။ ကွမ်းမစားတော့တဲ့ ကျွန်တော်သွားတွေက အရင်ကလို မည်းမနေတော့ပဲ ပြန်ဖြူလာပါတယ်။ ကွမ်းမစား ဆေးလိပ်မသောက်တော့ အရင်တုန်းက သွေးတိုးတတ်တဲ့ ကျွန်တော် သွေးမတိုးတာ တော်တော်ကြာပါပြီ။ ဘီယာသောက်၊ ကြက်ဟင်းခါးသီး၊ အုန်းနို့ခေါက်ဆွဲ မစားရဲတဲ့ ကျွန်တော် အဲဒါတွေကို ကောင်းကောင်းစားနေပါပြီ။




 (ပုံကို ဒီလင့်ခ် ကနေ ယူပါတယ် )

ဆေးလိပ်ကိုလဲ ကျွန်တော်ဖြတ်လိုက်တာ အခုဆိုရင် တနှစ်ပြည့်ပါပြီ၊ ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်သူမရှိ၊ဆိုတော့ ဆေးလိပ်လဲ ပြတ်ခဲ့ပါတယ်။ ဆေးလိပ်မသောက် ကွမ်းမစားတော့ ကျွန်တော် အသက်ရှုရတာ ပိုကောင်းလာတယ်။ အပြေးလေးကျင့်ခန်းလုပ်ရင် ယခင်ထက် ပိုပြီး ပြေးနိုင်လာတယ်။ အခု တစ်နှစ်ပြည်ပြီဖြစ်လို့ နှလုံးရောဂါ Heart Attack ဖြစ်ဖို့ တစ်ဝက်တိတိ ကျဆင်းသွားပါတယ်။ 

ဒီနိုင်ငံမှာ ဆေးလိပ်ဖြတ်လိုက်ရင် တဆင့်ချင်းကောင်းမွန်စေတဲ့ အချက်အလက်တွေကတော့

(၁) ဆေးလိပ်ဖြတ်ပြီး ၈ နာရီမှာ သွေးထဲက ၈၇% နီကိုတင်းနဲ့ ကာဘွန်မိုနော့ဆိုဒ်တွေကို တစ်ဝက်လျော့ကျစေပါတယ်။
(၂) ၂၄နာရီမှာဆိုရင်တော့ ၂၉% ကာဘွန်မိုနော့ဆိုဒ်အားလုံးကုန်သွားပြီးတော့ အဆုတ်ထဲက အရိအချွဲတွေကို စတင်ရှင်းလင်းလာပါပြီ။
(၃) ၄၈နာရီရီကြာလျင် ခန္ဒာကိုယ်ထဲမှာ နီကိုတင်းဓါတ်မရှိတော့ပဲ၊ အနံအရသာအနေနဲ့ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။
(၄) ၇၂ နာရီကြာတဲ့ အခါမှာ အသက်ရှုရတာ ကောင်းမွန်လာပြီး အသက်ရှုလမ်းကြောင်းများက ပိုမိုပြီးပျော့ပြောင်းလာကာ အားကောင်းလာပါလိမ့်မယ်။
(၅) ၂ ပတ်မှ ၁၂ ပတ်အတွင်း သွေးလှည်ပတ်မှု ကောင်းလာပြီး လမ်းလျှောက်၊ ပြေးတဲ့ အခါမှာ ပိုမို အမောခံလာပါလိမ့်မယ်။
(၆) ၃လ မှ ၉ လအတွင်း ချောင်းဆိုးခြင်း ချွဲကျပ်ခြင်းများ ကောင်းမွန်လာပါလိမ့်မယ်။
(၇) တနှစ်ပြည်မယ်ဆိုရင် နှလုံးသွေးကြောနှင့် ပတ်သက်တဲ့ ရောဂါဖြစ်ပွားရန် တစ်ဝက်ခန့်လျော့သွားပါလိမ့်မယ်။
(၈) နှစ်နှစ် ပြည့်သွားလျင် ဆေးလိပ်သောက်ခြင်း ရာသက်ပန် စွန့်လွတ်ခြင်းမြင့်မားလာပါလိမ့်မည်။
(၉) ၅နှစ်မှ ၁၅ နှစ်အတွင်း လေဖြတ်ရောဂါဖြစ်ပွားနိုင်ခြင်း လျော့ပါးသွားပြီး သာမန်ဆေးလိပ်မသောက်သူများကဲ့သို့ ရှိလာပါလိမ့်မည်။


ကျွန်တော်အတွက် သိသာ ထင်ရှားတဲ့ အကျိုးကျေးဇူးကို ပြောရရင်တော့ တနှစ်ကို ငွေ ဆေးလိပ်ဖိုး တပတ် ၆၀ X ၅၂ = ၃၁၂၀ ခန့် + အသက်အာမခံ သက်သာမှု တစ်နှစ် ၃၀၀ သက်သာသွားပါတယ်။


ဒါကြောင့် ကွမ်းစားသူများ အနေနဲ့ တတ်နိုင်သမျှ လျော့စားပါ။ ဆေးလိပ်သောက်သူများလည်း လျော့သောက်ပါ။ ပြီးရင် လုံးဝမစားတော့သူ သို့မဟုတ် လုံးဝမသောက်သူများဖြစ်လာအောင် လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်ကို ဆေးလိပ်မသောက်ရန် အမြဲတွန်းအားပေးခဲ့သော ဇနီးဆွိ၊ ညီမငယ် စုချစ်သူ တို့အားကျေးဇူးတင်လျက်။

မောင်ခြိမ့်

11 comments:

  1. အိမ်ကကျားကျားလည်းဆေးလိပ်ဖြတ်ဖို့ပြောတာမရဘူး တီဆွိဘယ်လိုတိုက်တွန်းတယ်ဆိုတာပြောပြပါနော်

    ReplyDelete
  2. ဝူးမောင်ရှိမ့်...ဆေးလိပ်သောက်၊ကွမ်းစားတာဖြတ်ရင်ဖြတ်..မဖြတ်၇င်တော့် လျှာ ကိုဖြတ်ပစ်မယ်လို့တီဆွိက ခြိမ်းခြောက်
    လိုက်လို့ပါ.....းD

    ReplyDelete
  3. အလိုလေး ... အန်တီစုစု ပျောက်နေတာကြာပေါ့။ ၀ူးမောင်ရှိမ့်ဆေးလိပ်ဖြတ်တယ်ဆိုမှ ပြန်လာတော့တယ်။ များဘာမှ မပြောရပါဘူး။ မိန်းမ မသိအောင် သူ့ဟာသူ ဆေးလိပ်ခိုးသောက်တာ မလုံလို့ တခါတည်း အပြတ်ဖြတ်လိုက်တာပါဂျာ။

    ကွမ်းကတော့ ဒီမှာဝယ်မရလို့။ ဒီဖက်ပြောင်းလာတာ အဲဒါတစ်ခုတော့ အမြတ်ပဲ။

    ReplyDelete
  4. သူငယ်ချင်းအချို့နဲ့ ဦးလေးကို ဒီပိုစ့်လေးကို ပြရမယ်။
    (လီယို)

    ReplyDelete
  5. မဆွိရေ...ပျောက်နေတယ်ဆို ရွှေပြည်ကြီးကိုပြန်ရောက်နေတယ်ဗျို့....စီးပွါးရေး၊လူမှူရေး၊ဟိုအရေး၊ဒီအရေးနဲ့...
    အင်တာနှေးကိုစိတ်မရှည်လို့တခါတလေမှထိုင်ဖြစ်နေတယ်...။

    ReplyDelete
  6. ဒီပို့စ်တင်တဲ့နေ့မှာပဲ အလယ်တန်းကျောင်းသူအရွယ်ကတည်းက ကွမ်းကိုဗမာဆေးနဲ့စွဲစွဲမြဲမြဲစားခဲ့တဲ့ ကျမ အစ်မတ၀မ်းကွဲ ပါးစောင်ကင်ဆာနဲ့ ဘ၀တပါးကို ပြောင်းသွားပါပြီ။ အရမ်းစိတ်မကောင်းပါဘူး။ ၁နှစ်အရွယ်သမီးလေး ကျန်ခဲ့ပါတယ်။ အကျိုးမရှိတဲ့ အရည်မရ အဖတ်မရကွမ်းကို မစားစေချင်ပါဘူး။

    ReplyDelete
  7. ကွမ်းယာစားခြင်းရဲ့ ဆိုးကျိုးတွေကို ကိုယ့်ဘ၀ရဲ့ အရေးအကြီးဆုံးသူတွေထဲက တယောက်ကို ပေးဖတ်လိုက်ပါတယ်... ဒီပိုစ့်အတွက် ဦးခြိမ့်ကို ကျေးဇူးပါ...း)

    ReplyDelete
  8. su su ပြောတာကို အရမ်း သဘောကျတယ်
    ပြောတတ်ပလေ အင်တာနှေးလို့

    ReplyDelete
  9. ကွမ်းကြိုက်တဲ့ ကျနော် အခုကစပြီးဖြတ်တော့မယ်(ကွမ်း)ရေ

    ReplyDelete