Tuesday, October 27, 2009

အကျား တွေချည်းပဲတော့ ....


မဆွိတီတို့အမျိုး အစ်မ တစ်ယောက် ပြောပြတာလေး ဖောက်သည်ချရဦးမယ် ...
အဲဒီအစ်မ အိမ်ထောင်ကျတော့ သျှောင်နောက်ဆံထုံးပါ ယောက္ခမများအိမ်မှာ လိုက်နေပါတယ် ...သူတို့အိမ်က သားသမီးတွေထဲမှာ ပထမဆုံးအိမ်ထောင်ပါ ... ... ယောက်ခမ အမကြီးက စကားပြောရင် အားရပါးရ တုတ်ထိုးအိုးပေါက် ပြောတတ်ပေမဲ့ စိတ်ရင်းအလွန်ကောင်းသူပါတဲ့ ... အစ်မကလဲ သဘောကောင်းတော့ ယောက်ခမတွေက သမီးအရင်းနဲ့မခြား ချစ်ကြပါတယ် ...

အိမ်ထောင်သက် တစ်နှစ်ခွဲလောက်နေတော့ သားယောက်ျားလေး တစ်ယောက်ဖွားပါတယ် ... မြေးဦးဆိုတော့ အဖိုးအဖွားတွေရော အတူနေ ဦးလေး၊ အဒေါ်တွေရော ချစ်လိုက်ကြတာ ... တုန်လို့ ...
ခလေးတစ်နှစ်လောက်မှာ မမျှော်လင့်ပဲ နောက်ထပ်ကိုယ်ဝန် ရှိလာပြန်ပါတယ် ...
သားလေးရပြီးသားဆိုတော့ သမီးလေးလိုချင်တာပေါ့လေ ... အဖိုး၊ အဖွားတွေကလဲ
ဒီတစ်ခါတော့ မြေးမလေးချီချင်တယ်လို့ ချည်းပြောနေတော့တာပဲ ... အဖွားလုပ်သူကအဆိုးဆုံး ... ဒီလိုနဲ့ ၉လလွယ် ၁၀လဖွား ... မွေးလာပြန်တော့ ယောက်ျားလေး ... အော် ... ရှင်၂လောင်းရတာပေါ့ ဆိုပြီး အဖွားလုပ်သူ ဖြေရှာပါတယ် ...

အစ်မခင်မျာလဲ တော်တော်နဲ့ ခလေးမယူရဲတော့ဘူး ... အဲလိုနဲ့ နောက်ခလေး အငယ်ကောင် ၃-၄နှစ်လောက်ရလာတော့ အစ်မကစိတ်ကူးယဉ်ပါတယ် ... သမီးမိန်းကလေးမွေးရင် ... ဘယ်လို အ၀တ်အစားလေးတွေ ဆင်မယ်ပေါ့ ... မိန်းကလေးဆိုတော့ တီတီတာတာ ပိုပြောတတ်မယ် ... ပိုချစ်စရာလေးနေမယ်ဆိုပြီး စိတ်ကူးနဲ့ရူးရတာ ... ယောက္ခမတွေကလဲ မြေးမလေးတစ်ယောက်တော့ ချီချင်ပြီဟေ့ ဆိုတာနဲ့ ခလေးထပ်ယူပါတယ် ...

အဲဒါနဲ့ပဲ ခလေးမီးဖွားမဲ့နေ့ရောက်လာပါပြီ ... တောဓလေ့ထုံးစံအတိုင်း အိမ်မှာပဲ သူနာပြုဆရာမနဲ့ ခေါ်မွေးပါတယ် ... မီးဖွားဖို့ ပစည်းတွေ ပြင်ဆင်ပြီး မွေးနေရင်းကနေ ဆရာမပုံကြည့်ရတာ ဇောချွေးတွေ ပြန်နေပါတယ်။ နောက်မှ မျက်စိပျက်မျက်နှာပျက်နဲ့ ဘေးကစောင့်နေတဲ့ ယောက်ခမကြီးကို
အမ်မာလေး ... ၂ယောက်ပူးကြီးတောင်တော့ ... ကျမတစ်ယောက်တည်းမနိုင်ဘူး ဆိုပြီး ပြောပါတယ် ။ ယောက်ခမကြီးက "အမွှာတဲ့ဟေ့ ဆရာမတစ်ယောက်ထပ်ခေါ်ချေကြစမ်း " ဆိုတော့မှ မျက်မှောင်ကျုတ်ကြီးနဲ့ မီးနေခန်းနားမှာ ငုတ်တုတ်ထိုင်စောင့်နေတဲ့ မောင်အငယ်ဆုံး၊ ရုပ်အဆိုးဆုံးလေးက စက်ဘီးနဲ့ပြေးပြီး ဆရာမနောက်တစ်ယောက်ကို သွားခေါ်ရပါတော့တယ် ...

အဲလိုနဲ့ ဆရာမနှစ်ယောက်တက်ညီလက်ညီနဲ့ မွေးလိုက်ကြတာ ပထမတစ်ယောက်ထွက်လာပါတယ် ... ယောက်ကျားလေးပါရှင် ... အဖွားလုပ်သူခမျာ အဲဒီခလေးလေးကြည့်ပြီးတော့ မူးလဲမတတ်ပါပဲ ... နောက်တစ်ယောက် ထပ်ထွက်လာတော့ မိန်းကလေးများဖြစ်မလားလို့ မျှော်လင့်ချက်တွေနဲ့ ကြည့်နေတဲ့ အဖွားက ထွက်လာလာချင်း စိတ်ပျက်ပျက်နဲ့ အော်ပြောလိုက်တာက “ အောင်မလေးတော့ ... ထွက်လာလိုက်ကြတာ ... သောက်ကျားတွေချည်းပဲ ...” တဲ့ ... အဲလိုအော်ပြောသံကြားလိုက်ရတဲ့ ခလေးအမေခမျာလဲ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ မီးတွင်းထဲမှာတင် သတိလစ်သွားလို့ သူနာပြုဆရာမတွေ သတိရလာအောင် မနဲလုပ်လိုက်ရပါသတဲ့ ...

ဇာတ်လမ်းကမပြီးသေးပါဘူး ... အဲဒီယောက္ခမတွေရဲ့ ဒုတိယသားအငယ်ကလဲ မရှေးမနှောင်းအိမ်ထောင်ပြုတာ ကလေး ၅ ယောက်သာ မွေးလားပါတယ် ... အားလုံးက ယောက်ကျားလေးတွေချည်းပါပဲ ... ယောက်ခမတွေခမျာမလဲ မြေးမိန်းခလေးပါနိုးပေါ့ ... စောင့်လိုက်ရတာ ...တစ်ယောက်မွေးတိုင်း မျှော်လင့်ချက်တွေအပြည့်နဲ့ စိတ်ကူးနဲ့ရူးရတာ ... အကျားတွေချည်းပဲ ၉ယောက်တောင် ...

နောက်ဆုံး မျက်မှောင်ကြီး အမြဲကျုတ်နေတတ်တဲ့ သား အငယ်ဆုံး ရုပ်အဆိုးဆုံးလေး အိမ်ထောင်ကျမှသာ သမီးလေးတစ်ယောက် မွေးပါတော့တယ် ... အဲဒီသမီးလေးက အကိုဝမ်းကွဲ ၉ယောက်တောင်ရှိပါသတဲ့ရှင် ... သူ့အကိုတွေကလဲ နှမလေးတစ်ယောက်တည်းဆိုတော့ နှမထိဓါးကြည့် အလွန်ချစ်ကြပါတယ် ...

ဇာတ်ပေါင်းသော် ...
အဲဒီသမီးလေးဟာ စလုံးမှာနေတဲ့ ဂျူနီယာခြိမ့် (ခေါ်) ဂျူဂျူလို့ ချစ်စနိုးခေါ်တဲ့ ကောင်မလေး ဖြစ်လာပါတယ် ...
သူနာပြုဆရာမသွားခေါ်ပေးတဲ့ မောင်အငယ်ဆုံး မျက်မှောင်ကျုတ်လေးက ကြီးလာတော့ " စင်္ကာပူမှာ ... ဘာလုပ်လိုပါလျင် ... ညာလုပ်လိုပါရင် " ဆိုပြီး စာတွေရေးရေးနေတဲ့ ၀ူးမောင်ခြိမ့် ဆိုတာဖြစ်လာပါသတဲ့ ...

ဇာတ်လိုက်အစ်မကြီးကတော့ အခု ဂျူဂျူလေးကို ထိမ်းနေတဲ့ သူ့ဂျီးတော်ကြီးပါ ....
သူ့ခမျာလဲ အခုမှသမီးမိန်းကလေး ထိမ်းရတာဆိုတော့ သမီးလေးကို သိပ်ချစ်ရှာပါသတဲ့ရှင်။

8 comments:

  1. ကျမတို့ ရွာမှာဆိုးသားချည်း ၁၄ယောက်တောင် မွေးထားတာရှိတယ်။ သူတို့အမေကထဘီ တောင်မဝတ် နိုင်လို့ ဘောင်းဘီတိုဝတ်ထားရတယ်

    ReplyDelete
  2. သမီးလေးဆီမှာလဲ အကိုအမ၀မ်းကွဲပေါင်း ၉ ယောက်ရှိတယ်။
    ကျား ၄ မ ၅ ပါရှင်။ သမီး အဖွားကတော့ ကျားကြိုက်တာ ။ သမီးကိုယ်ဝန်ရှိကတည်းကသူ့ မှာ သားကောင်းသားမြတ်ရပါစေဆိုဆုတောင်းလိုက်ရတာအမောဘဲ။

    ReplyDelete
  3. ဂျူဂျူလေးတော့ ကံကောင်းတယ်ပြောရမလား ကံဆိုးတယ်ပြောရမလားတောင်မသိဘူး ကိုယ်တွေ့ဆိုတော့ ကိုယ်ချင်းစာတယ်လေ... မိန်းကလေးရှားတဲ့ အမျိုးထဲမှာ မိန်းကလေးဖြစ်ရတာ တစ်မျိုးလည်းကောင်းတယ် တစ်မျိုးလည်းမကောင်းဘူး... :)

    ReplyDelete
  4. ဂျူဂျူကို ပုံပြင် ပြောပြသလိုလေး...
    ဖတ်လို့ကောင်း၏

    ReplyDelete
  5. ဂျူဂျူလေးက ကံကောင်းတာပေါ့ အားလုံးကဝိုင်းချစ်နေကြမှာ...

    ReplyDelete
  6. ဟိဟိ အခုမှ လာဖတ်ဖြစ်တယ် ဟဲဟဲ ကောင်းတာပေါ့ အစ်ကိုတွေကြားထဲ အင်း အင်း ကောင်းတော့လဲမကောင်းဘူးနော် ဟဲဟဲ သိတော့ဘူး တာ့တာ ပြန်မယ် ဒုန်းးးးးးးဒုန်းးးးးးး

    ReplyDelete
  7. အိုး… စိတ်ဝင်စားစရာပါလားဆွိရယ်… တို့ လဲလေ အဲဒါတွေကြောက်လို့  တယောက်နဲ့ နောက်တွန့် နေတာပေါ့… ဂျူဂျူကို အကိုတွေနဲ့ သိပ်မထားနဲ့ နော်…တော်ကြာ ယောင်္ကျားလေးစိတ်ပေါက်သွားဦးမယ်…

    ReplyDelete
  8. တီဆွိရေ... rose တို့ မိသားစုကတော့ တီဆွိတို့နဲ့ ပြောင်းပြန်ပေါ့။ ရို့စ် အဖေက ယောက်ျားလေး လိုချင်တာ မွေးလိုက်တာ ရို့စ်တို့ ညီအစ်မတွေချည်းပဲ ၄ ယောက်။

    တီဆွိ စာရေးကောင်းတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်ရတာ ကြိုက်တယ်။ ကျေးဇူးပါ။

    rose

    ReplyDelete