Sunday, April 5, 2009

ရွှေပြောင်ပြောင် ...

ကျောင်း၃နှစ်ပိတ်တုံးက မဆွိတီ မြေလတ်ပိုင်းမှာနေတဲ့ ဦးလေးရဲ့သစ်စက်မှာ သွားကူလုပ်ပေးပါတယ် ... ဦးလေးကအပေးအကမ်းရက်ရောသလို စည်းကမ်းလဲကြီးလို့ သစ်စက်ကအလုပ်သမားတွေက အတော်ကြောက်ကြပါတယ် ...

တစ်နေ့မနက် ဦးလေးက စက်ထဲမှာ အလုပ်ပါးတာနဲ့ သူအပြင်မသွားမီ ၀ိုင်းဆရာကြီးတွေကလွဲလို့ စက်ထဲကအလုပ်သမားတွေရော သေတ္တာရိုက်တဲ့ကောင်မလေးတွေရော အားလုံးကိုလွှစာ သယ်ခိုင်းခဲ့ပါတယ် ... သစ်စက်နားမှာရှိတဲ့ ချိုင့်ကြီးကို လွှစာနဲ့သယ်ပြီးဖို့ခိုင်းတာပါ ... သယ်နေရင်းနဲ့ ခဏနေတော့ အလုပ်သမားတွေက လူကလဲစုံ ဦးလေးကလဲမရှိ ဆိုတော့ ပျော်ပြီး အောက်ချိုင့်ထဲကလွှစာပုံပေါ်မှာ လွှစာမသယ်ပဲ ဇာတ်ခင်းနေကြလေရဲ့ ... သူတို.ရွာကဘုရားပွဲမှာ လာကသွားတဲ့ ဇာတ်ဆိုလား ... မဆွိတီကလဲ တစ်ခါတစ်လေ ပျော်ပါစေဆိုပြီး ဘာမှပြောမနေပဲထိုင်ကြည့်နေတာပေါ့ ... သူတို့ကတစ်ကယ့်ကို ဇာတ်သံပေသံတွေနဲ့ပြောပြီး ဇာတ်ခင်းနေတော့ ရယ်နေရတာကိုး ...

အပေါ်မှာ တစ်ယောက်ကလဲ ဦးလေးပြန်လာတာတွေ့ရင် သီချင်းအော်ဆိုပြီး အချက်ပေးဘို့ ကင်းစောင့်နေရပါသေးတယ် ... အချက်ပေးတဲ့ကောင်လေးက နောက်တတ်တော့ အောက်ကဇာတ်က ကောင်းခန်းရောက်ပြီဆို ဦးလေးတကယ်မလာပဲနဲ့
“ရွှေပြောင်ပြောင် ... တောင်ပေါ်ကဘုရား မေနှင့်မောင်သစ္စာထား ... ပေါင်းရပါစေသား ... ဆုတောင်းတယ် ... ” ဆိုပြီး အော်ဆိုပါတယ် ... အလုပ်သမားတွေလဲ ဇာတ်ခင်းနေရာကနေ ၀ရုန်းသုန်းကားဖြစ်ပြီး တောင်းလေးတွေကမန်းကတမ်း ကောက်ကိုင်ပြီး အလုပ်လုပ်ချင်ယောင် ဆောင်ကြပါတယ် ... နောက်မှ တစ်ကယ်မဟုတ်မှန်းသိတော့ အဲဒီကင်းစောင့်ကို ၀ိုင်းဆဲဆိုကြပြီး ဇာတ်ပြန်ခင်းကြပြန်ပါရော ... အစောင့်လုပ်တဲ့သူကလဲ အဲလို၂ခါ၃ခါလောက်ကို နောက်နေတော့တာပါ ... အဲဒါနဲ.ဦးလေးတစ်ကယ်ကို ပြန်ရောက်လာတော့ ဒွတ်ခရောက်တော့တာပါပဲ ...

ရုံးခန်းနားမှာ ဦးလေးကို ရုတ်တရက် လှမ်းမြင်လိုက်တဲ့ ကင်းစောင့်လေးက ကြောက်ကြောက်လန့်လန့်နဲ့ “ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား” ဆိုပြီး ထအော်ပါတယ် ... သီချင်းတောင်မဆိုနိုင်ပါဘူး ... အောက်ကဟာတွေကလဲ နောက်နေတယ်ပဲထင်တော့ ဇာတ်ကခင်းကောင်းတုံးပါ ... “ရွှေပြောင်ပြောင် ဟေ့ “ဆိုပြီး နောက်ထပ်၂ခါလောက် ထပ်အော်တာတောင်မှ အရေးမလုပ်ကြတော့ စိတ်မရှည်တော့ပဲ
“တစ်ကယ့် ရွှေပြောင်ပြောင်ဟ ... အဟုတ်ကြီးရွှေပြောင်ပြောင် လာနေတာပါဟ “

ဆိုပြီး သံကုန်ဟစ်အော်တာ ဦးလေးသူ့နားရောက်လာတဲ့ထိပါပဲ ...

အဲဒီနေ့က မဆွိတီအပါအ၀င် အလုပ်သမားတွေအကုန်လုံး နေ့လည်စာထမင်းကို ခါတိုင်း ၁၂နာရီ စားနေကျဟာ ၁နာရီမှစားရပါတယ် ... ဦးလေးကဒါဏ်ပေးတာပါ ... မဆွိတီလဲ ကောင်းကောင်းအဆူ ခံထိပါတယ် ... ကိုယ်လုပ်စရာရှိတဲ.စာရင်းတွေမလုပ်ပဲ ... ဇာတ်ခင်းတာသွားငေးနေလို့တဲ့ ... ဟီး ...

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)

No comments:

Post a Comment