Sunday, April 5, 2009

အိပ်ပျက်ည

မနေ့ညက မဆွိတီတစ်ယောက်အိပ်မပျော်ပါ။ စီးပွါးရေးမကောင်းသည့် ကာလမှို့ စိတ်ပူတတ်သောအပူ၊ စာမေးပွဲတစ်ခုဖြေစရာရှိ၍ စာမေးပွဲတွေကို ကြောက်တတ်သောအပူ၊ ရုံးမှ မဖြေရှင်းနိုင်သေးသော ပြဿနာ စသည်စသည်တို့ကို တွေး၍ အတော်နှင့် အိပ်မပျော်။ နာရီကြည့်လိုက်တော့ ည၂နာရီထိုးခါနီးပြီ။ မနက်ကျ စောစောထသွားစရာ ရှိသေး၍ မီးပိတ်ကာ ဇွတ်အိပ်ရတော့သည်။ စိတ်ထဲမှာ အိပ်ပျော်သည်လား မပျော်သည်လား မရေမရာ မသဲမကွဲ အချိန်တွင် ပတ်ဝန်းကျင်မှ အော်ဟစ်ရန်ဖြစ်သံလိုလို ကြားလိုက်ရသည်။

ယောက်ျားသံကြီးတွေနှင့် ရန်ဖြစ်သံတွေ ပလုံးပထွေး ၀ူးဝါးဝူးဝါးကြားမှာ " ဟေ့ကောင် ... မင်းပိုက်ဆံသူများ ယူတာတောင် မင်းမသိဘူးလားကွ " ဆိုသည့် ပီပီသသ မြန်မာသံနှင့် ရန်ဖြစ်ဆဲဆိုသံများ ကြားလိုက်ရသည်။ ကုန်းထပြီး ကြည့်ဖို့ကြိုးစားတော့ ထမင်းလုံးတစ္စေခြောက်သလို ထလို့ပြုလို့လည်းမရ။ မြန်မာသံတွေနှင့်ရန်ဖြစ်သံဆိုတော့ စိတ်ကအရေးထဲ မြန်မာပြည်ပြန်ရောက်သွားသည်။ ဘေးကအိပ်နေသည့် လူကြီးသည် မဆွိတီ၏အမေ ဖြစ်သွားသည်။ အမေက ဘေးတွင် စောင်ခြုံအိပ်နေသည်တဲ့။ နှိုးပြီးပြောမည်လုပ်တော့ အော် ... အမေက ဒါမျိုးတွေဆို အင်မတန် စိတ်မကောင်းဖြစ်တတ်တာ ... နှိုးပြောလိုက်မှ အမေအိပ်မရပဲဖြစ်သွားပါဦးမယ်ဆိုပြီး မနှိုးဖြစ်လိုက်။ ထမင်းလုံးတစ္စေခန္ဓာကိုယ်က ထမရတော့ ဒီအတိုင်းပဲနေရသည်။

ခဏနေတော့ ရန်ဖြစ်သံတွေ ငြိမ်သွားပြီး နောက်ကားသံတွေ ၀ူး ... ၀ူး ဆိုသော အသံကြားတော့မှ ခန္ဓာကိုယ်က ထတော်မူ၍ရသွားသည်။ ရဲကားဖြစ်မည်ထင်သည်။ ည၂နာရီအချိန် သူများအိပ်ကောင်းချိန် အလိုက်မသိ အော်ကြီးဟစ်ကျယ်အော်၍ ဘေးအိမ်ကတိုင်တာဖြစ်မည်။ ပြတင်းကငုံ့ကြည့်တော့လည်း ဘာမှမမြင်ရတော့။ ဒါနဲ့ ဘေးက တခေါခေါလူကြီးကို နှိုးပြောပြီး ပြန်အိပ်ဖို့ ကြိုးစားသော်လည်း အိပ်မရတော့ပါ။

၂ထပ်၃ ထပ်လောက်မှာ တသမု စနမာငအ နှင့်လုပ်နေသော မြန်မာတစ်စု လွန်ခဲ့သော ၂ပတ်လောက်က ပြောင်းလာတာသတိရသည်။ ခုတစ်လော ဓာတ်လှေကားတွင် မြန်မာပုံစံ၊ကောင်လေးများကို ခဏခဏတွေ့ရသည်ကို သတိထားမိနေသည်။
စိတ်ထဲမှာ ဒီလိုနိုင်ငံမျိုးမှာ ခုလိုပီပီသသ မြန်မာသံနှင့်အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာ ဒီတစ်ခါသာကြားဖူး၍ ကိုယ့်လူမျိုးအတွက် စိတ်ထဲမှာ ရှက်သလိုလိုဖြစ်မိသည်။ လူခြေတိတ်ချိန် အများအိပ်ကောင်းချိန် အားမနာပါးမနာ အော်ဟစ်သောကြောင့်လည်း စိတ်တိုမိသည်။ အော်သံကြီးကြောင့် နှလုံးပျက်သည် ခေါ်မလား စိတ်ထဲမှာမကောင်း၊။ နောက်ရန်ဖြစ်သည်ဆိုကတည်းက တစ်ခုခုအဆင်မပြေတာ ဖြစ်ရမည်။ ငွေရေးကြေးရေးအကြောင်းတွေပါ၍ ငွေကြေးအဆင်မပြေတာမျိုးဖြစ်ဖို့များတော့ ကြားထဲက သူတို့အစားရင်ပူမိပြန်သည်။ ရဲလာဟယ် ဘာဟယ်ထင်မိပြန်တော့ ကိုယ့်အပူတွေထဲ သူတို့အပူတွေ ပေါင်းကာ အပူပေါ်အပူဆင့် ဒီညအဖို့ အိပ်ပျော်အောင် ဘယ်လိုအိပ်ရမလဲစဉ်းစားရင်း အိပ်ရာဘေးခုံအံဆွဲထဲမှ အိပ်ဆေးတစ်လုံးသာ ရေနဲ့ အမြန်မော့ချကာ အိပ်လိုက်ရပါတော့သည်။

ဘေးဘရာတွေ ဝေးကွာစေ
ကင်းဝေးကြပါစေ။
ကိုယ်ရောစိတ်ပါ လန်းဆမ်းဖြာ
အေးချမ်းကြပါစေ။
မိမိကောင်းမှုအကြောင်းပြု
တောင်းဆုပြည့်ပါစေ။

1 comment:

  1. ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး :(

    ReplyDelete