Wednesday, April 15, 2009

ကော်ဖီပူလေး သောက်လိုက်ပါဦး ....


သူများတွေတော့မသိ ။ ကိုယ့်မှာငယ်ငယ်ကတည်းက စာသင်လျင် အလွန်ငိုက်တတ်သောအကျင့်ရှိသည်။ ညဘယ်လောက်အိပ်ရေးဝအောင်အိပ်အိပ် စာသင်ချိန်ဆို အိပ်ငိုက်မြဲ။ ဆရာတွေကို အလွန်အားနာသည်။ ဆရာစာသင်နေသည်ကို ကြည့်နေရင်းကကို မျက်ခွံက အလိုလိုလေးပြီး ပြုတ်ကျသွားသည်။ သတိရလို့ကိုယ့်ကိုယ်ကို ပြန်နှိုး။ခဏနေတော့ပြန်ငိုက်။ အလွန်ဆိုးပါသည်။ ကြိုက်မရှက် ငိုက်မရှက်ဆိုသောစကား အလွန်မှန်သည်ဟု ကောက်ချက်ချမိသည်။

မနေ့ကရယ်၊ ဒီနေ့ရယ် ၂ရက်ဆက်တိုက် သင်တန်းတစ်ခုတက်ရသည်။ သင်တန်းဆိုတော့လဲ အားလုံးသိကြသည့်အတိုင်း အိပ်ငိုက်သည်ပေါ့။ဆရာကလည်း သင်တန်းသားတွေ အိပ်ငိုက်သည်ဆိုကာ ကော်ဖီ ဘရိတ် ခဏခဏပေးလေသည်။ အိပ်ငိုက်ပျောက်အောင် ကော်ဖီ ၂ခွက် လောက်ဆင့်သောက်တော့ အတော်အငိုက်သက်သာသွားသည်။ ဘေးဘီ အကဲခတ်ကြည့်လိုက်တော့ အတန်းထဲမှာ ကိုယ်ကတောင် သူများထက် တက်ကျွနေသေးသည်။ ကော်ဖီမှ caffeine ဓာတ်က ကိုယ်လို ကော်ဖီဖရက်ရှာလေးကို ကောင်းကောင်းကွန်ထရိုးလုပ်ထားသည်ထင့်။ ဘေးကတစ်ယောက်ကတော့ အိပ်တောင်ပျော်နေလို့ နှိုးလိုက်ရသေးသည်။ ကော်ဖီခွက်ကြီး ဘေးချလို့။

ပုံမှန်ဆိုရင်ဖြင့် ကိုယ်ကော်ဖီသောက်လေ့မရှိပါ။ ပြဿနာက ကော်ဖီသောက်ပြီဆို ရင်တုန်ပန်းတုန်ဖြစ်သည်။ ညကျ အိပ်မပျော်တော့။ တလောက သင်တန်းတစ်ခု တစ်ပတ်လုံးတက်တော့ မအိပ်ဆေးအဖြစ် ကော်ဖီကို တစ်ပတ်လုံးသောက်သည်။ ကြာတော့ ကော်ဖီ အင်မြူး (immune) ဖြစ်လာသည်။ ပထမရက် တစ်ခွက်၊ နောက်ရက် တွေကျ တစ်ခွက်နဲ့ မရတော့။ သင်တန်းပြီးခါနီးတော့ အရင်က ရယ်ဒီမိတ်ထုတ် တစ်ဝက်လောက်သောက်သည်ကို ညအိပ်မပျော်သူက ၂ခွက်၃ခွက်လောက်သောက်သည်ကို ok ဖြစ်နေသည်။ ရင်တုန်ပန်းတုန်ခြင်းလဲ မရှိတော့။ စာသင်ရတာ ပင်ပန်းလို့လားမသိ။ ညအိပ်လို့လဲ ရသွားသည်။ ဒါပေသိ သင်တန်းပြီးတော့ ဆက်မသောက်တော့။ မကြိုက်တတ်တာလည်းပါသည်။ အင်မြူးဖြစ်သွားမှာလည်းကြောက်သည်။ အင်မြူးဖြစ်သွားလို့ နောက်တစ်ခါသင်တန်းတက်စရာရှိလျင် အိပ်မငိုက်အောင် ဘာဆေးသောက်မည်လဲ။

ခုလို သင်တန်းတက်ချိန်ဆို ကိုယ့်မှာ ကော်ဖီ မကြိုက်တတ်တာလေးကို ကျေးဇူးတင်ရသည်။ သူသည်ကိုယ့်အတွက် အလွန်အသုံးဝင်သော မငိုက်ဆေး။ အင်မြူးမဖြစ်အောင် ထိမ်းသိမ်းထားရမည်။
ကော်ဖီကြိုက်တတ်သူများ ဒီစာဖတ်မိပါက " ဒီလိုအဖြစ်မျိုးရှိသလား " ဟု ပြောမည်ကို မြင်ယောင်မိသေးသည်။

4 comments:

  1. ကော်ဖီတစ်ခွက်နဲ့ မလဲနိုင်တဲ့ TRIO CANDY ဆိုတဲ့ ကြော်ငြာကို သွားသတိရတယ်...

    ReplyDelete
  2. ဒီလို အဖြစ်မျိုးရှိသလား... ဟဲဟဲ...
    တို့က ကော်ဖီကို အလွန်အကျွံ သောက်တတ်သူ...
    မိုးလင်းလင်းချင်းကနေ.. ညအိပ်ခါနီးအထိ သောက်တာ...

    သင်တန်းတွေကတော့ ဟုတ်ပါတယ်... တကယ်ကို အိပ်ငိုက်ချင်စရာပါ။
    ဒီကြားထဲ တချို့ဆရာတွေက သင်ကောင်းကောင်းနဲ့ မရပ်နိုင်တော့ရင် တအားဆိုးတာ... ဒါကြောင့် ရှောင်မရတဲ့ တချို့သင်တန်းတွေကလွဲရင် အတတ်နိုင်ဆုံး မတက်ဖူး.. (တိုးတက် ကြီးပွားအုံးမယ့် အရိပ်အယောင်တွေပေါ့ကွယ်...)

    ReplyDelete
  3. ကျွန်မကလည်း ကော်ဖီမကြိုက်သူပါ
    သောက်ပြီးရင် ရင်တွေတုန်တုန်တတ်လို့
    တနှစ်နေ တစ်ခွက်မသောက်ဖူးဘူး :P

    ReplyDelete
  4. ကျနော်ကျတော့ ကော်ဖီကလွဲလို့ ကျန်တာ သောက်မရဘူး။
    လက်ဖက်ရည်သောက်ရင် အရက်မူးသလို မူးတယ်။
    ကော်ဖီသောက်ပေမဲ့ အိပ်မပျော်တာ ၊ မသောက်ရမနေနိုင်တာ ၊ ရင်တုန်တာ ဘာမှ မဖြစ်ဘူး။ သာမာန်လို့ပဲ ပြောရမှာပဲ။ အင်း...ဒါသောက်ထားလို့ အိပ်မငိုက်ဘူးလို့လည်း မဟုတ်ပြန်ဘူး..ငိုက်ဆဲ..ငိုက်လျက် ပါပဲ။

    ReplyDelete