Sunday, April 19, 2009

သမီးရဲ့ ကစားစရာ ...





သမီး ခုနက ကစားနေတဲ့ Dough Play လေးတွေရယ်၊ Polly Pocket အရုပ်မလေးရယ်ကို ဓာတ်ပုံရိုက်ထားတာပါ။ Dough Play ရောင်စုံကို ပလပ်စတစ်ခွက် မိုလေးတွေထဲထည့် ပုံဖော်ပြီး အသီး၊ အရွက်၊ စားစရာအဖြစ် ကစားကြတာပေါ့။ သမီးလေးတို့ ကံကောင်းပါတယ်။ ခုခေတ်မှာ သူတို့ကစားစရာတွေကအစုံ စွဲမက်စရာ။

ကိုယ်တွေငယ်ငယ်ကတော့ အဖွားဝယ်လာတဲ့ မြေနဲ့လုပ်တဲ့ အိုးပုတ်ကလေးတွေနဲ့ ကစားခဲ့ရတာ။ ကိုယ်တွေလောက်မတတ်နိုင်တဲ့သူတွေဆို အုံးမုတ်ခွက်နဲ့ ကြွေပန်းကန်အကွဲ တွေနဲ့တောင် ဆော့ကြရရှာတာ။ ဆော့ရတဲ့ပစည်းတွေကလဲ ခုလိုလှတပတတွေ ဘယ်ဟုတ်မလည်း။ အိမ်ဘေးက သစ်ပင်ပေါင်းစုံက သစ်ရွက်မျိုးစုံ၊ အပွင့်မျိုးစုံကို ပါးပါးလှီး၊ မြေကြီးကို ရေဖျော်၊ ချွဲတဲတဲရှိတဲ့ ခေါင်ရမ်းပန်းကိုရေဖျော်ပြီး ဆီလုပ်၊ အသုတ်စုံရောင်းတိုင်း ကစားခဲ့ကြဘူးတယ်။

အရုပ်မတွေဆိုလည်း သမီးတို့ Barbie girl တို့ Polly Pocket ကစားချိန်မှာ ကိုယ်တို့ ခေတ်ကဆို အ၀တ်အဖြူလေးကို လိပ်၊ အပ်ချည်ကြိုးအမဲရောင်တွေ စုချည်ပြီး ဆံပင်လုပ်ရတာကလား။ အရုပ်မဆံပင်ရအောင် အမေ့အထက်ဆင်အဟောင်းကနေ အမဲရောင်ချည်လေးတွေ စိတ်ရှည်လက်ရှည်စုရသေးတယ်။ ဒီလို အရုပ်မတွေကိုပဲ အင်းကျီမျိုးစုံ ကပ်ကြေးလေးနဲ့ ညှပ်ပြီး မက်မက်မောမော ဆော့ခဲ့ကြတာပဲ။ ပျော်ခဲ့ကြတာပဲလေ။ အရုပ်မအင်းကျီချုပ်ချင်လို့ စက်ချုပ်ဆိုင်တွေကနေ အ၀တ်အတိုအစတွေ တောင်းလားတောင်းရဲ့။ သမီးတို့ခေတ်ကျတော့ ဘာဘီဂဲလ်တွေအတွက် ချုပ်ပြီးသားအင်းကျီလေးတွေ ရောင်းတာ ဈေးကလဲမသေးဘူးရယ်။ တစ်ခါသား ၀ယ်ပေးဖို့ရာ သမီးအင်းကျီတစ်ထည်ဘိုးလောက်ရှိနေလို့ လက်လျော့လိုက်ရတယ်။

ကစားနည်းကလဲကွာသွားပြီ။ မေမေက ဂျူဂျူးရဲ့ ကပ်စတန်မာတဲ့။ ဘာစားချင်တာလဲ မင်နူးမှာရှာဖတ်ပြီး မှာပါတဲ့။ စားပြီးတော့ ဘီလ်စာရွက်လေး လာပေးသွားတယ်။ သူတတ်သလောက်မှတ်သလောက်ရေးထားတဲ့ ဘီလ်စာရွက်ကိုကြည့်ပြီး အမေမျက်လုံးတော်တော်ပြူးသွားတယ်။ ဒီပုံအတိုင်းဆိုရင်တော့ သမီးဆိုင်မှာ အမေဆက်စားရင် မွဲတော့မှာပဲလို့။

10 comments:

  1. အမရေးထားတာ ဖတ်ပြီး ကျနော်ငယ်ငယ်ကအကြောင်းသွားသတိရမိတယ်.. ငယ်ငယ်က အရုပ်မဆံပင်ကို လွယ်အိတ်က တွဲလောင်းကျနေတဲ့ ကြိုးတွေကို ဖြတ်ပြီး ဆံပင်လုပ်တယ်.. တပင်နှစ်ပင်တော့ မသိသာပေမယ့် ကြာတော့ လွယ်အိတ်တွဲလောင်းအမွှေးတွေ မရှိတော့ အမေ သိပြီး ရိုက်ပါလေရော.. အခုထိ အဲဒီလွယ်အိတ် အိမ်မှာရှိသေးပုံရတယ်.. :D အခုခေတ် ကလေးတွေ တကယ်ကံကောင်းတယ်.. မျိုးစုံကစားရတယ်.. :)

    ReplyDelete
  2. ဆွိရေ… စိတ်ကူးချင်းတူနေပြီ… တို့ လဲသားရဲ့ အရုပ်လေးတွေအကြောင်းရေးမလို့ … သားနှစ်သက်တဲ့အရုပ်တွေက အဲလို လှတပတတော့ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ်ဆွိရေ ငယ်က အရုပ်လေးတွေ အိုးပုတ်လေးတွေတော့ လွမ်းတုန်းလေ… တခါတခါ သမီးကိုလဲ အရွက်လေးတွေ ခူးပြီး အိုးပုတ်တမ်းဆော့ခိုင်းပါဆွိရဲ့… သဘာဝတရားကို ပိုချစ်တတ်လာအောင်လို့ လေ… ညစ်တော့ညစ်ပတ်တယ်နော်…ဟိ

    ReplyDelete
  3. တန်ခူးရေ ... ဟိုတစ်နေ့ကပဲ အိမ်နားကအပင်တွေက အရွက်တစ်ရွက်စီခူးပြီး ပတ်ဝန်းကျင် လေ့လာရေးဆင်းသေးတယ် ... ကိုယ်ကလဲ ငယ်ငယ်က တောနားတောင်နားနေလာရတာဆိုတော့ အဲလိုတွေ ၀ါသနာပါပါတယ်။ သမီးလဲပျော်တယ်။ အဲနေ့ကခူးလာတာ ... သရက်ရွက်၊ ညောင်ရွက်၊ မာလကာရွက်၊ ပိန်းနှဲရွက်၊ အစုံပါပဲ ... တစ်ရွက်စီပဲခူးတာ... ခလေးတွေ ဗဟုသုတ၊ ပညာရေးဆိုတော့ စလုံးကခွင့်လွှတ်မယ်ထင်တာပဲ။ ခလေးတွေအရမ်းပျော်တယ် သိလား။

    ReplyDelete
  4. ညလေးနုစံရဲ့ ကွန့်မန့်ဖတ်ပြီး ရယ်လိုက်ရတာ။ ကိုယ်လဲ လွယ်အိပ်က အမွှေးတွေ ဖြတ်ပြီး အရုပ်မဆံပင် လုပ်ပေးခဲ့ဘူးတယ် ထင်ပါ့ပဲ။

    ReplyDelete
  5. သမီးရဲ့ ဘီလ်စာရွက်လေးကိုကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ဟား..ဟား...

    ReplyDelete
  6. မှုန်မှုန်ဆွဲတဲ့... ပန်းချီပုံတောင်တင်ပေးရဦးမယ်...

    စကန်မဆွဲဖြစ်သေးလို့ မတင်ရတာ....
း-)

    ReplyDelete
  7. တူညားရေးထားတဲ့ Comment ကို ဖျောက်ပစ်လိုက်တာ ဘူဒူလဲ ဟေ...
    မနေ့က မနက် အစောကြီးထဲက ရေးထားတာ...
    အဲဒီတုံးက Barbie ပုံတောင် မတင်ရသေးဘူး...
    (ငိုပြီး ပြန်သွားသည်...)

    ReplyDelete
  8. အွန် ... တကယ်လား ... မဝေ ... သူများ တဂယ်ကိုမသိတာ ...မတော်တဆဖြစ်လိမ့်မယ် ... ခုပြန်ရေးပေး ... ခု ... တူများလဲ ငိုမှာ ... ကွန့်မန့်ရေးပြီး မဖတ်လိုက်ရလို့ ...

    ReplyDelete
  9. ဟိုနေ့က ရေးခဲ့တာက...
    ခေတ်တွေတိုးတက်လာတာ ကလေးတွေအတွက် ကောင်းပါတယ်... သို့သော်လည်း တခါတခါမှာတော့ အတိုးတက်လွန်ပြီး ကိုယ်နဲ့ သိပ် မျက်ခြေပြတ်ပြီး လက်လှမ်းမမှီဖြစ်နေမှာစိုးလို့ နဲနဲတော့ သတိထားနေရတယ်... ဆိုတဲ့ သဘောမျိုးရေးသွားတာပါ...။ စာလုံးအတိအကျတော့ မမှတ်မိတော့ပြီ... :-)

    ReplyDelete
  10. ချစ်စရာကောင်းပါသည်

    ReplyDelete