Sunday, April 5, 2009

ပုဇွန်ဆိတ်ကလေး



ဟိုးအပေါ်ဆုံးထောင့်က အင်္ကျီအနီလေးနဲ့ ထမီအနီအကြားလေးနဲ့ မေဆွိရဲ့ ငယ်ရုပ်ဆင်တသွင်ဆန်း တစ်ကိုယ်တော်တေးစုစည်းမှု (၃)ဆိုလား။
ငယ်ငယ်က နေရှင်နယ်ကတ်ဆက်ဝယ်ကာစက ပထမဆုံးအမေ၀ယ်ပေးတဲ့ အခွေပေါ့။ ခဏခဏဖွင့်ပြီး လိုက်အော်ဆိုလွန်းလို့ ရှေ့ဆုံးက မိတ်ဆက်စကားတောင်အလွတ်ရလို့။ စကားပြောတွေလဲ လိုက်ဆိုတာပါပဲ။ ဘေးကတွေ့ရင် ရယ်စရာကြီး။ အံ့သြစရာကောင်းတာက အဲဒီသီချင်းတွေ ခုထိရသေးတယ်။ ချစ်ရေစင်တို့၊ မဲဇာမြိုင်တို့၊ မေတ္တာအရင်းခံတို့ ရှေးသီချင်းတွေဆိုပေမဲ့ မေဆွိဗားရှင်းနဲ့ အတော်ဆိုလို့ ကောင်းသားလား။

မှတ်မိတာ။ ငယ်ငယ်က နှင်းဆီပန်းတွေစိုက်တော့ ကိုယ်ကပန်းစည်းရတယ်။ တစ်တောင်လောက်ရှိတဲ့ နှင်းဆီပန်းကိုင်းအရှည်လေးတွေပေါ့။အပွင့်အစိတ်ဆီ ရေပြီး နှီးကြိုးလေးနဲ့ချည်ရတာ။ လက်မှာဆို ဆူးရာလေးတွေပွလို့။ အဲလိုပန်းစည်း ချိန်ဆို ကက်ဆက်က သီချင်းကလဲဖွင့်ထားတယ်။ ပါးစပ်ကလဲ အော်ပြီးလိုက်ဆိုချင်နေသေးတယ်။ ပန်းကလဲရေရမှာဆိုတော့ ဘယ်လိုဆိုမလဲ။ ဆိုချင်လွန်းအားကြီးလို့ကြံရတာပေါ့။ ၅ပွင့်စီ အပုံလေးတွေ အရင်ပုံလိုက်တယ်။ ၅ပွင့်ဆိုတော့ မြင်တာနဲ့သိတယ်။ ရေစရာမလိုဘူးကိုး။ အဲလိုပွင့်အပုံလေးတွေ ၅ပုံပေါင်းပြီး ပါးစပ်က သီချင်းဆိုမပျက်ပန်းစည်းခဲ့ရပါတယ်။ ငါးတန်း၊၆တန်း ကျောင်းသူဘ၀လောက်က အမှတ်တရပေါ့။

အိမ်ကလူကြီးနဲ့ညားကာစက အပေါ်ကသီချင်းလေးတွေက ရှေးသီချင်း ဆွဲဆွဲငင်ငင်လေးတွေဆိုတော့ အိပ်ခါနီးဆိုပြရတာအမော။ အဲဒီတုံးကတော့ ဆွိလေးဆိုတာ နားထောင်လို့ကောင်းတယ်ဆိုလား။ ခဏခဏဆိုပြရတာ။ ခုများကျတော့ သီချင်းဆိုပြရဘူးတယ်ပြောရင် ပုံပြင်တွေကိုဖြစ်လို့။ ဒါလဲ အိမ်ထောင်ရေး အဘိဓမ္မာသင်ခန်းစာထဲထည့်ရမယ်။ ဒါကစပ်မိလို့ ပြောပြတာပါ။ (စိတ်နာနာနဲ့ ...)

မေဆွိက ပုဇွန်ဆိတ်ကလေးဆိုလဲ ပင်လယ်ကူးခဲ့တာပဲ။ အပျိုစင်လေးပါ ဆိုလဲ အချစ်ရဲ့ အဓိပ္ပါယ် သေချာမသိခဲ့ပါကွယ် ... လေစိမ်းတွေတိုက်နေတယ် ... ဆိုလဲ သဘောပေါက်လိုက်တာပဲ ... ကိုကိုရေဆိုလဲ ... ကွယ်ရာမှာခြေမများနဲ့နော်ဆို ... သူဆိုသမျှတွေ အကုန် ကိုယ်လိုက်ဆိုခဲ့တာချည်းပဲ။ မေဆွိ သီချင်းလေးတွေစဉ်းစားရင်းနဲ့ ဘယ်သီချင်းတုံးက ကိုယ်က ဘယ်အရွယ်ဆိုတာ ကိုယ့်ဘ၀ဇာတ်ကြောင်းတောင် ပြန်လို့ရလောက်တယ် ထင်ပါ့။

မေဆွိရဲ့ သီချင်းခွေလေးတွေ တွေ့လိုက်ရတော့ ကိုယ့်အတိတ်ဘ၀လေးကို လွမ်းမိသွားတယ်ဆိုတဲ့အကြောင်း တောင်ရောက်မြောက်ရောက်ရေးရင်း။ ကျေးဇူးပါ။

(မြန်မာကျုးပစ်တွင် ဖော်ပြပြီး) အပေါ်က ပုံအတွက် Credit to ကိုသာဂိ (မြန်မာကျူးပစ်)

8 comments:

  1. လာဖတ်ပါသည်။ ဖြည်းဖြည်းချင်းလာဖတ်ပါ့မယ။်

    ReplyDelete
  2. ကျေးဇူုးပါ အစ်မ ကွန်း။ အစ်မပို့တွေ ကြိုက်ပါတယ်။ ကျွန်မက တန်ခူးနဲ့၇ွယ်တူပါ။

    ReplyDelete
  3. လာလည်ပါတယ်အမ .. အကုန်လုံးကိုဖတ်သွားပါတယ် .. ဟင်းချက်နည်းလေးတွေ မှတ်ရအောင် လင့်သွားပါတယ် ..း) ကြိုးစားပြီးချက်စားကြည့်မလို့ :D

    ReplyDelete
  4. မေဆွိရဲ့ ငယ်ရုပ်ဆင် တသွင်ဆန်း အခွေလေးအကြောင်းကို ညကပဲ တွေးနေမိသေးတာ... စစချင်း သီချင်းမလာခင် အခွေကြော်ငြာတဲ့ သီချင်းလေးကိုတောင် စိတ်ထဲက ဆိုနေမိသေး...

    "ငယ်ရုပ်ဆင် တသွင်ဆန်း အမှတ် ၃ ပျို့ချစ်စရာ.. စပယ်ဦးထူးတဲ့သဒ္ဒါ... စီစဉ်ဆုတောင်း အကောင်းဆုံးဖြစ်သင့်တာ..."

    ReplyDelete
  5. "တကယ့်စေတနာ ... တူမလေး တူမလေး ... သမီးလေးမေဆွိ ကန်တော့ပါတယ် မြာ ... ခွင့်ပန်သနားပါ ... အများတကာ ..."
    သက်ဝေဆိုတာ ကို ဖြည့်ဆိုတာပါ ... ငယ်ငယ်က နားထဲကြားတဲ့ အတိုင်းဆိုတာ ... အဲလို အမှန်ဟုတ်ချင်မှ ဟုတ်မှာ ...
    ကဲ ... တကယ့် ပညာရှင်တွေနဲ့ လာတွေ့နေပြီ ...

    ReplyDelete
  6. ma swe story write bar ohn read chin lotbar.

    ReplyDelete
  7. ပန်းသီးသီချင်းများ ၄ ကို ပြန်နားထောင်ချင်ပါသည်။ ရှိခဲ့ရင် download လုပ်နိုင်အောင်တင်ပေးစေချင်ပါသည်။

    ReplyDelete
  8. ပန်းသီးသီချင်းများ ၄ ကို ပြန်နားထောင်ချင်ပါသည်။ ရှိခဲ့ရင် download လုပ်နိုင်အောင်တင်ပေးစေချင်ပါသည်။

    ReplyDelete