Saturday, April 25, 2009

ဖန်လုံ သစ်ပင်စိုက်ပျိုးရေး



အင်္ဂလိပ်လို Terrarium လို့ခေါ်ပါတယ် ... လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်က ရုံးမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်း လာပြောရင်းနဲ့ ဘယ်လိုစိုက်ရလဲဆိုတာ ရှင်းပြသွားတာပါ ... ဖန်လုံ သစ်ပင်စိုက်ပျိုးရေး လို့မြန်မာလို နာမည်ပေးရင်ရမယ်ထင်ပါရဲ့ ...
သူကရေလောင်းစရာ မလိုပဲနဲ့ လေလုံနေတဲ့ ဖန်ပုလင်းထဲမှာ နှစ်ရှည်လများ စိမ်းလန်းနေမဲ့ သစ်ပင်စိုက်ပျိုးနည်းပါ ... ခရစ်စမတ်တို၊ ဘာလင်တိုင်းနေ့တို့ ဘာတို့ဆို ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကို ကိုယ့်လက်ဖြစ် လက်ဆောင်လေးပေးချင်ရင်ပေါ့ ... DIY (do it your self)

လိုတဲ့ပစ္စည်းတွေကတော့
၁) လေလုံတဲ့အဖုံးပါတဲ့ ဖန်ပုလင်း
ပထမဆုံး မီးဖိုချောင်ထဲကို ပြေးပြီး မသုံးတော့တဲ့ ဖန်ပုလင်းကြီးကြီးလေးလိုက်ရှာပါ... မိုင်လိုဘူးကြီးလိုမျိုး ရှည်ရှည်လေးဆို ပိုကောင်းပါတယ် ... ရည်ရွယ်ချက်က အိမ်မှာမသုံးတော့တဲ့ ဖန်ပုလင်းတွေ လွှတ်ပစ်မဲ့အစား recycle လုပ်စေချင်တာပါ ...
မရှိရင်တော့ဝယ်ပေါ့ကွယ် ...

၂)ကျောက်ခဲလေးတွေ

၃)မီးသွေးခဲအတုံးသေးသေးလေးတွေ

၎)အလှပြဖန်လုံးလေးတွေ
 ဒါကတော့အလှကြိုက်သူတွေအတွက် decoration လုပ်ဖို့ပါ ... လက်ဆောင်ပေးဖို့ဆိုရင်တော့ ဖန်လုံးလေးတွေနဲ့ဆိုတော့ မျက်စိပသာဒပိုဖြစ်ပါတယ်။

၅) ရိုးရိုးမြေကြီးရယ် ရေနဲနဲရယ်
မြေဆီသြဇာပြည့်ဝနေတဲ့ မြေကြီးမဟုတ်ရင်ပိုကောင်းပါတယ် ... မြေသြဇာသိပ်ကောင်းလို့ အပင်တက်တာမြန်ရင် နောင်အဖုံးဖွင့်ပြီး ခဏခဏညှပ်ရလို့ပါ ..
.
၆) စိုက်မယ့်သစ်ပင်ရယ်ပါ ... သစ်ပင်ဖြတ်ရမှာ ဂရုစိုက်ရမှာက ဖြတ်မဲ့ကိုင်းကို နောက်သစ်ရွက်နားက ကပ်ဖြတ်ရပါမယ် ... ပုံမှာကြည့်ပါ ...



ဒီစိုက်ပျိုးနည်းနဲ့ သစ်ပင်တိုင်းတော့ စိုက်လို့မရပါ ... စိုထိုင်းစများတာကြိုက်ပြီး အပင်တက်တာမမြန်တဲ့ အပင်ဆိုပိုကောင်းပါတယ် ... အခုမဆွိတီစိုက်ပြမဲ့ အပင်လေးကတော့ အဲဒီစိုက်ပျိုးနည်းနဲ့ အသင့်လျော်ဆုံးပါ ..."Fittonia" ( Nerve Plant ) လို့ခေါ်ပါတယ် ... ပုံမှာကြည့်ပါ ...


အထက်ကပစ္စည်းအားလုံးအဆင်သင့်ဖြစ်ရင် ပထမဆုံး ဖန်ပုလင်းထဲကို ကျောက်ခဲလေးတွေထည့်ပါ ... ကျောက်ခဲရဲ့အထူက ပုလင်းက၆လက်မအမြင့်ဆို လက်မ၀က်လောက်ဖြစ်ရပါမယ် ...

 ရည်ရွယ်ချက်ကတော့ ရေများနေရင် ရေတွေအပင်ရဲအမြစ်နားမှာမရှိပဲ ကျောက်ခဲတွေကြားမှာ ရေ၀ပ်နေဖို့ပါ ... ပြီးရင်အပေါ်ကနေ မီးသွေးတုံးလေးတွေ တစ်ထပ်အရင်ထည့် ပြီးရင်မြေကြီးထည့်ပါ။
... မြေကြီးကတစ်လက်မကနေ တစ်လက်မခွဲလောက် ကိုယ်စိုက်မယ့်အပင်ရဲ့အမြင့်ကို မူတည်ပြီးထည့်ပါ ။...




နောက်အပေါ်ကနေ ရေ၅ဇွန်း လောက်လောင်းထည့် decorate လုပ်တဲ့ ဖန်လုံးလေးတွေကို ကိုယ့်စိတ်ကြိုက်လှအောင်စီထည့် ... ပြီး ပန်းအိုးကနေ လပ်လပ်ဆတ်ဆတ်ဖြတ်ထားတဲ့ သစ်ပင်ကိုစိုက် ... အမြစ်ခိုင်အောင် မြေသိပ်ပေးပြီးရင် ပြီးပါပြီ ...





... အဖုံးလေလုံအောင်ပိတ်ပေးရပါမယ် ... အရေးကြီးပါတယ် ... အဖုံးခဏခဏဖွင့်ရင် အထဲကရေမှုံတွေ အပြင်ကိုထွက်ပြီး ရေဆုံးရှုံးတဲအတွက် ကြာရှည်မခံပါ ... တတ်နိုင်သမျှ မဖွင့်ပါနှင့် ... ဖြစ်နိုင်ရင် aircon ခန်းထဲ အလင်းရောင်များများရတဲ့ ပြတင်းပေါက်တွေနားထားရင် ပိုကောင်းပါတယ် ...။

မဆွိတီ လွန်ခဲ့တဲ့တစ်နှစ်ခွဲကစိုက်တဲ့ အပင်လေးကတော့ ခုချိန်ထိရှင်ပါသေးတယ် ... ရုံးက aircon ခန်းထဲမှာထားလို့ ပိုကြာရှည်ခံတာလားတော့ မသိပါ ... စမ်းသပ်ကြည့်ကြပါလား ... ကိုယ့်အိမ်ထဲမှာလဲ အလှဆင်လို့ရပါတယ် ...



တစ်ခြားစိုက်နိုင်တဲ့သစ်ပင်လေးတွေ နဲ့ ဖန်လုံစိုက်ပျိုးရေးအကြောင်းရှင်းပြထားတဲ့ Web page လေးပါ။
http://www.artmakers.com/terrcare.html

အောက်က ညီမလေးဂျူနိုရဲ့ ကွန့်မန့်ကို ဖတ်ပြီး ထပ်ဖြည့်ထားပါတယ်။

တကယ်တော့ သစ်ပင်လေးက လေရပါတယ်။ မမွန်းပါဘူး။ ဂျူနိုရယ်။ အဲဒါကို Green House Effect (ဖန်လုံအိမ်နိယာမ)လို့ခေါ်ပါတယ်။ တို့နေတဲ့ကမ္ဘာကြီးလိုပေါ့ကွယ်။ ကမ္ဘာကြီးကလဲ အဲလိုဖန်လုံဘူးလေးလိုပဲ အိုဇုန်းလွှာတွေနဲ့ ကမ္ဘ္ဘာ့ လေထုကို အုပ်ပြီး ကာကွယ်ထားတာပဲ။ ကမ္ဘာမြေပေါ်က သစ်ပင်တွေ၊ လူသားတွေအတွက်လိုအပ်တဲ့ လေတွေ၊ရေတွေဟာ အဲဒီ Green House ထဲမှာပဲ သံတရာလည်ပြီး ရေဖြစ်လိုက်၊ ရေခိုးရေငွေ့ဖြစ်လိုက် မိုးရွာချလိုက်နဲ့ အပြင်ကို မထွက်သွားပဲ သံတရာလည်နေတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် စွမ်းအင်တည်မြဲခြင်းနိယာမလိုပဲ အိုဇုန်းလွှာမပေါက်ပဲ အပြင်ကို မထွက်ရင် အဲဒီရေတွေ၊လေတွေရဲ့ ပမာနဟာ အမြဲ constant ပါပဲ။ ဟိုတစ်လော အတော်အော်လိုက်တဲ့ အိုဇုန်းလွှာပေါက်တယ်ဆိုတာ ... ကမာပေါ်က လူတွေအတွက် မရှိမဖြစ်လိုတဲ့ လေတွေရေတွေဟာ အဲဒီအပေါက်ထဲက ထွက်သွားလို့ ရာသီဥတုတွေ ဖောက်ပြန်နိုင်သလို၊ နေရောင်တိုက်ရိုက်ကျတော့ UV rays တွေကြောင့် လူတွေ အရေပြားကင်ဆာလိုရောဂါတွေဖြစ်နိုင်ပါသတဲ့။

ထူးဆန်းတာက တို့လဲ ဒီလိုပဲအစကထင်လို့ အပင်လေး လေမွန်းမှာစိုးလို့ အဖုံးလှပ်ထားလိုက်ကြည့်တာ အထဲက ရေက ရေငွေ့ပြန်ပြီး အပြင်ထွက်သွားတော့ ရေတွေခမ်းပြီး အပင်လည်းမကြာခင်သေတာပါပဲကွယ်။ အဖုံးအမြဲပိတ်ထားရင် အဲဒီဖန်ဘူးလေးထဲမှာလဲ ရေတွေ ငွေ့ရည်လေးတွေဖွဲ့ပြီး ရေသံတရာလည်သလိုလေး တွေတွေ့ရတတ်ပါတယ်။ အထဲကရေ၊ လေတွေက ဘယ်တော့မှ မခမ်းပဲ သူ့ဟာသူ သံတရာလည်နေပြီး သစ်ပင်လေး အသက်ရှင်ဘို့ လုံလောက်တဲ့ ရေတွေ လေတွေ ရပါတယ်ကွယ်။

ထို့အတူကမ္ဘာ့အိုဇုန်းလွှာပေါက်ကြီး ကြီးလာရင်လဲ ကမ္ဘ္ဘာမှာ ရေရှားပါးမှုပြဿနာ၊ ရာသီဥတုဖောက်ပြန်တာတွေ ဖြစ်တတ်ပြီး လူတွေ သေဆုံးနိုင်တယ်ဆိုတာကို ဒီ သစ်ပင်လေးက ပြောပြနေသလိုပါပဲ။ ဒါကြောင့် ဒီအိုဇုန်းလွှာပေါက်တာကို တို့လူသားတွေ ၀ိုင်းဝန်းပြီး ကာကွယ်ကြဘို့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့တွေက အကြီးအကျယ် ကြိုးပမ်းနေကြတာပေါ့ကွယ်။

ဒီဖန်လုံစိုက်ပျိုးရေးရဲ့ ရည်ရွယ်ချက်တစ်ခုက ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် အခုလို Green House Effect ကို သိစေချင်တာလဲပါပါတယ်။နောက်တစ်ခုက အိမ်မှာ လွှင့်ပစ်မဲ့ ဖန်ပုလင်းတွေကို အမှိုက်ပုံတွေမှာ စုပုံနေမဲ့အစား recycle လုပ်ပြီး အသုံးချရအောင်လဲ ရည်ရွယ်ပါတယ်။ နောက်တစ်ခုက ရေမလောင်းရတော့ ရေကုန်သက်သာတယ်။ အဲဒီရေပမာနရဘို့ ကုန်တဲ့ စွမ်းအင် သက်သာတယ်ပေါ့ကွယ်။ ဂျူနိုရဲ့ ကွန့်မန့်လေးကြောင့် Green House Effect အကြောင်းရှင်းပြဘို့ သတိပေးသလိုဖြစ်သွားလို့ ကျေးဇူးပါညီမလေးရေ။


7 comments:

  1. လှတော့လှတယ် တီတီ ရယ်။
    သစ်ပင်လေးကို အဖုံးပိတ်ထားမှာ။
    သနားပါတယ် တီတီ ရယ်။
    သူ့ ခမျာ မွန်းမွန်းကြပ်ကြပ် ။
    မြေဆီကလည်း မ၀တစ်ဝ။
    အပင်တွေကို ချစ်လို့ သဘာဝတိုင်း ပဲရှိစေချင်တယ်။
    ချဉ်ပေါင်စိုက်တတ်လားဟင်။ စိုက်တတ်ရင် ပြောပြပါလား။

    ReplyDelete
  2. Tsweet....I like this idea. Thanks for sharing. I love all kinds of small plants.

    ReplyDelete
  3. TTSweet က တအား စိတ်ရှည်ပုံရတယ်။ ပုံလေးတွေကို စိတ်ရှည်လက်ရှည်နဲ့  ရိုက်ယူထားတယ်။ သူများနားလည်အောင် လည်း အသေးစိတ် ရှင်းပြတတ်သေးတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးနော်...

    ReplyDelete
  4. သူငယ်ချင်းရေ… အပင်စိုက်တာ ၀ါသနာပါပေမယ့် အဲဒီလို လေလုံပင်လေးတော့ တခါမှ မစိုက်ဖူးဘူး… အရမ်းကို စိတ်ဝင်စားသွားပြီ… ရည်ရွယ်ချက်ကလေးကလဲ ကောင်းလိုက်တာ… ကြိုးစားကြည့်ဦးမယ်… ရေသိပ်မကြိုက်တဲ့ ဆူးပင်သေးသေးလေးတွေရော အဲလိုစိုက်လို့ ရလား ဆွိရေ…

    ReplyDelete
  5. တန်ခူးရေ ... အပင်ကတော့ သေချာမသိဘူး။ တို့ပြထားတဲ့ အပင်ကတော့ သေချာပေါက် အကြာကြီးခံတယ်။ အဲဒီအပင်စိုက်တုံးက သမီးကလဲ အနားကနေကူလုပ်ပေးတာ။ ခလေးတွေ အရမ်းစိတ်ဝင်စားတယ်။ သားလေးနဲ့ အတူ တစ်ယောက်တစ်ပင်စီစိုက်ကြပေါ့။ နောက်အပင်လေးရှင်လား ဘယ်လိုနေလဲကြည့်ရတာ ပျော်စရာ။ အိမ်မှာ မိုင်လိုဘူးမရှိလို့ Daiso ကနေ ၂ကျပ်တန် ဖန်ဘူးနဲ့စိုက်ထားတာ။း )

    ReplyDelete
  6. မိုက်တယ်.. တခါမှ မလုပ်ဖူးသေးဘူး...
    ဒီညနေ Daiso သွားမယ်.. ပုလင်းဝယ်မယ်...
    Ikea သွားမယ်... အပင်ဝယ်မယ်... ဖန်လုံးလေးတွေ ဝယ်မယ်... မြေကြီးဝယ်မယ်...
    ဟေး... အပြင်ထွက်စရာ လမ်းစ ရပြီ...
    (ခါတိုင်းတော့ ဘယ်မှ မထွက်နေ သယောင်ယောင်...)

    မျှဝေပေးတာ တကယ် ကျေးဇူးပါ...

    ReplyDelete
  7. မိုက်တယ် ... စိတ်ဝင်စားစရာပဲ ...
    ဆွိတော့ မစိုက်ဘူး အပင်စိုက်တာ ဝါသနာပါတဲ့ မေမေအတွက် ကူးပြီး ပို့လိုက်တယ်...
    ကျေးဇူး တင်တယ် :)
    မမဆွိ
    အဟီး ဒီနာမယ်ခေါ်၇တာ ကိုယ့်ကိုကိုယ်ပြန်ခေါ်နေရသလိုကြီး တညှိုးကြီးပဲ

    ReplyDelete